ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူ NLD ပါတီ မြို့နယ်ဒုဥက္ကဋ္ဌ ဆေးကုခွင့် ရချင်

ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူ NLD ပါတီ မြို့နယ်ဒုဥက္ကဋ္ဌ ဆေးကုခွင့် ရချင်

နိုဝင်ဘာ ၂၅ ။              ။ ပုသိမ်မြို့နယ်၊ တရားရုံးတွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့်  တရားစွဲခံထားရသူ ပုသိမ်မြို့နယ်၊ NLD ပါတီ မြို့နယ်ဒုဥက္ကဋ္ဌဦးစန်းရွှေ ဆေးကုခွင့် လုံလောက်အောင် ရချင်ကြောင်း ရုံးတင်အပြီး မီဒီယာများအားပြောသည်။

အမှုနှင့် ပတ်သက်ပြီး "ကျွန်တော်ယုံကြည်ချက် အမှန်တရားကိုလုပ်တာပဲ ဒီအပေါ်မှာ အရေးယူဆောင်ရွက်တာပြောစရာမရှိပါဘူး၊ ကျွန်တော်ဘက်က မှန်တယ်ပဲ ယူဆပါတယ်။ ဘာကြောင့် ဖမ်းတယ်ဆ်ိုတာ အတိအကျမသိဘူး။ အင်တာနက်စာမျက်နှာ Facebookမှာတင်တဲ့ ဆင်မအုပ်ချုပ်ရေးမှူးရယ် မဟုတ်တဲ့လုပ်ကွက်တွေ တင်ပြတဲ့သတင်းကို တင်လို့ အကြမ်းသိရတာပါ” ဟု  ပြောသည်။

လက်ရှိတွင် ထိန်းသိမ်းခံနေရပြီး သူ့အနေနဲ့ “ ကျွန်တော် ဆေးကုသမှုကို ခံရယူချင်တယ်၊  အဓိက ကျွန်တော် တော်တော်ခံစားနေရတယ်၊ အဲဒီအပေါ်မှာ ဆေးကုသခွင့် လုံလောက်အောင် ရချင်ပါတယ်”ဟု ဦးစန်းရွှေက ထိန်းသိမ်းခံရပြီး ကျန်းမာရေး အခြေအနေအကြောင်း ပြောသည်။

ဆက်သွယ်ရေးပုဒ်မ ရုံးချိန်းအား ၆၆(ဃ)ဖြင့် ပုသိမ်မြို့နယ်တရားရုံးတွင် ရမန်ယူပြီး အမှုအား  ဒီဇင်ဘာလ ၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးစန်းရွှေအား ဆင်မကျေးရွာအုပ်စု၊ ရပ်ကျေးဥက္ကဋ္ဌဦးအောင်ကိုလွင်မှ ငွေဆောင်ရဲစခန်းတွင် လူမှုစာမျက်နှာ Facebookတွင် U San Shwe အကောင့်ဖြင့်"ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး မှ ဆင်မကျေးရွာရှိ အရက်ပုန်းဆိုင်မျာအား အရက်ဆီများကို မယူမနေရ လိုက်လံဖြန့်ဖြူးနေကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တူသားနောင်မယ် ပစ္စည်းဖြစ်၍ ယူပေးရမည်ဟု နာမည် အလွဲသုံးစားပြုလုပ်နေပါကြောင်း၊ ECရပ်ကျေးမှ လာရောက်တင်ပြပါသည်၊ ဥက္ကဋ္ဌနှင့် ပါတီလွှတ်တော်၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေပါသည်၊ အမှန်တရားဖော်ထုတ်ရှင်းလင်းရန် လိုမည် ”ရေးသားဖော်ပြချက်အား ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က ငွေဆောင်ရဲစခန်းတွင် နိုဝင်ဘာလ၂၁ရက်နေ့တွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ကြောင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

နိုဝင်ဘာလ၂၄ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဒုဥက္ကဋ္ဌ ဦးစန်းရွှေအား ငွေဆောင်ရဲစခန်းမှ ပ၃၉/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ဆင်မကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကျေးရွာပါတီဥက္ကဋ္ဌဦးမြင့်နိုင်နှင့် ကျေးရွာပါတီဒုဥက္ကဋ္ဌ ဦးလွင်ဦးတို့အားလည်း ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)ဖြင့် ယနေ့ ထပ်မံအမှုဖွင့်ထားကြောင်း သိရှိရသည်။

အမှုတိုင်ကြားသည့် တရားလို ဆင်မကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှူးမရှိကြောင်း ပြန်လည်ပြောဆိုပြီး၊ညနေပိုင်း ဆက်သွယ်ခေါ်ယူရာ ဖုန်းဆက်သွယ်မရှိသေးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required