စီးပွားရေးတည်ငြိမ်တဲ့အချိန်မှ ငွေစက္ကူပုံစံအသစ် ရိုက်နှိပ်မည်

စီးပွားရေးတည်ငြိမ်တဲ့အချိန်မှ ငွေစက္ကူပုံစံအသစ် ရိုက်နှိပ်မည်

နေပြည်တော်(နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ငွေစက္ကူများ ရိုက်နှိပ်သုံးစွဲရန် မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဌဖြစ်သူ ဦးစိုးမင်းက နိုဝင်ဘာ ၂၂ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

“ကုန်ကျစရိတ်ပိုမိုလာဖို့ ရှိတာရယ်၊ ပုံစံအမျိုးမျိုး ရှိနေတဲ့အတွက် ပြည်သူများဟာ ငွေစက္ကူအပေါ်မှာ ယုံကြည်မှုအားနည်းလာနိုင်လို့ ထည့်သွင်းစဉ်းစားမယ်ဆိုလို့ရှိရင် ငွေစက္ကူအပေါ်မှာ မရေမရာ၊ ဇဝေဇဝါ ဖြစ်ပေါ်ခြင်းတွေ ရှိလာနိုင်တဲ့အတွက် လက်ရှိ လှည့်လည်သုံးစွဲငွေများမှ လဲလှယ်ဖို့အတွက်လည်း အခက်အခဲ ရှိတဲ့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူများကို နိုင်ငံစီးပွားရေးတည်ငြိမ်တဲ့အချိန်မှာ အနှောက်အယှက်မဖြစ်စေနိုင်တဲ့ သင့်လျော်သောကာလမှာ ပုဒ်မ ၆၅နဲ့ ၆၆ပါ ပြဌာနး်ချက်များနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုးမင်းက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၆၅တွင် “ဗဟိုဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါးများ၏ တန်ဖိုး၊ အဆင်အပြင် ဖွဲ့စည်းပါဝင်သည့် ဝတ္တုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်” ဟု ပြဌာန်းထားသည်။

ပုဒ်မ ၆၆တွင်လည်း “ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူအမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်” ဟု ပြဌာန်းထားပါသည်။

သရက်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးကံမြင့်၏ "မြန်မာပြည်တစ်ဝန်းတွင် ကိုယ်တွယ်သုံးစွဲနေသော ငွေစက္ကူအမျိုးမျိုးပေါ်ရှိ ဆင်တံဆိပ်နှင့် ခြင်္သေ့တံဆိပ် ရုပ်ပုံများအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါသော ငွေစက္ကူများဖြင့် အစားထိုးရိုက်နှိပ်ထုတ်ဝေသုံးစွဲရန် အစီအစဉ်ရှိ၊ မရှိ" လွှတ်တော်တွင် မေးမြန်းမှုအပေါ် ဗဟိုဘဏ် ဒုဥက္ကဌ ဦးစိုးမင်းက လာရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ငွေစက္ကူအသစ်ရိုက်နှိပ်မည်ဆိုပါက လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေပမာဏကို လဲလှယ်ပေးနိုင်ဖို့အတွက် ရိုက်နှိပ်သိုလှောင်ထားရမည့်ငွေကြေးမှာ ဘီလီယံ ၃၀၀ခန့် ကုန်ကျမည်ဖြစ်ပြီး ငွေစက္ကူအဟောင်းများကိုလည်း ဖျက်ဆီးရမည် ဖြစ်သည်ဟု ဦးစိုးမင်းက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၁၉၅၂ခုနှစ်တွင် ဒေါင်းပုံ၊ ခြင်္သေ့ပုံပါသည့် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ တစ်ရာတန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန်၊ ၁၀၀တန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့ပြီး ၁၉၆၅ခုနှစ်တွင်လည်း တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်တန် ငွေစက္ကူများမှ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပုံစံသစ် ငွေစက္ကူများ ထုတ်ဝေခဲ့ပါသည်။

ထို့ပြင် ၁၉၉၄ခုနှစ်တွင်၂၀တန်၊ ၅၀တန်၊ ၁၀၀တန် ငွေစက္ကူများကို ခြင်္သေ့ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေခဲ့သလို ၁၉၉၈ခုနှစ်တွင်မူ ကေသရာဇာခြင်္သေ့ပုံဖြင့် ၁၀၀၀တန် ငွေစက္ကူ ထုတ်ဝေခဲ့သည်။

၂၀၀၉ခုနှစ်တွင်၊ ငါးထောင်တန်၊ ၂၀၁၂ခုနှစ်တွင် တစ်သောင်းတန် ငွေစက္ကူများ အသီးသီး ထုတ်ဝေခဲ့ပြီး အဆိုပါ ငွေစက္ကူများကို ၂၀၁၅ခုနှစ်တွင် လုံခြံုရေးအဆင့်အတန်းမြှင့်ပြီး ထပ်မံ ထုတ်ဝေခဲ့သည်။

ငွေစက္ကူများကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အတွင်း အမျိုးသားဒီမိုကရေစီပါတီသစ်က ကြိုပမ်းခဲ့သော်လည်း အထမမြောက်ခဲ့ပေ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required