ချောင်းသာကမ်းခြေတွင် စျေးရောင်းခွင့် မရှိ ကျောက်တစ်လုံး စေတီအနီးမှာသာ ရောင်းရမည်

ချောင်းသာကမ်းခြေတွင် စျေးရောင်းခွင့် မရှိ ကျောက်တစ်လုံး စေတီအနီးမှာသာ ရောင်းရမည်

ချောင်းသာကမ်းခြေ သောင်ပြင်ပေါ်ရှိ ဈေးဆိုင် ၈၀ ခန့်အား နိုဝင်ဘာလ ၁ ရက်နေ့က တားမြစ်စာထုတ်ကာ ဖယ်ရှားခဲ့ပြီးနောက် ကမ်းခြေရှိ ကျောက်တစ်လုံး စေတီအနီးတွင် ပြန်လည်ရောင်းချ နိုင်အောင် ဧရာဝတီတိုင်းဒေသကြီး အစိုးရမှ စီစဉ်နေသည်။

ဖယ်ရှားခံဈေးသည်များသည် ကျောက်တစ်လုံး စေတီအနီးတွင် ပြန်လည်ရောင်းချခွင့် ပြုပေးပါရန် ဧရာဝတီတိုင်း အစိုးရ အဖွဲ့သို့တင်ပြခဲ့ရာ ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ၊ မြို့အုပ်ချုပ်ရေးအဖွဲ့၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တို့ထံသို့ အဆိုပါတင်ပြသောနေရာအား ချထားပေးရန်သင့်မသင့် တင်ပြခိုင်းထားပြီး အစိုးရ အဖွဲ့အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေး မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်ကပြောသည်။

“သူတို့တင်ပြတဲ့နေရာက အများပြည်သူ အပန်းဖြေတဲ့နေရာနဲ့ လွတ်မလွတ်နဲ့ နေရာက ဈေးသည် ဘယ်နှစ်ဦးကို ခွင့်ပြုလို့ရမလဲ ခွင့်ပြုတဲ့နေရာမှာ ဘယ်လိုစည်းကမ်းတွေနဲ့ ခွင့်ပြုမလဲ ပင်လယ်ကမ်းခြေ သောင်ပြင်မှာဖြစ်တဲ့အတွက် လတ်တလောသူတို့ရဲ့ ရောင်းချခွင့်တွေကို စစ်ဆေးပြီးတော့ ယာယီရောင်းချခွင့် ပေးနိုင်အောင် အစိုးရအဖွဲ့ အစည်းအဝေးမှာ လည်းဆွေးနွေးသွားပါမယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကပြောသည်။

ရောင်းချခွင့်ပြုရာတွင် ကမ်းခြေဈေးသည်များ၏ အခက်အခဲများကို စာနာသဖြင့် ယာယီသာရောင်းချ ခွင့်ပြုခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ရောင်းချခွင့်ပေးသည်ဟု မယူဆစေလိုကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေးအတွက် ဈေးသည်များဖယ်ရှားခြင်းအပြင် အခြား စည်းကမ်းချက်၊ တားမြစ်ချက်များ ပါဝင်သော ဗီနိုင်းအနီဆိုင်းဘုတ်များကို ကမ်းခြေတွင် ထောင်ထားခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံ ကြေငြာခြင်းတို့ကို အောက်တိုဘာလ အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း ချောင်းသာကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

“ကျောက်တစ်လုံး စေတီနားကလည်း ဈေးသည်တွေအားလုံးအတွက် ရောင်းချလို့ အဆင်ပြေမယ် ထင်ပါတယ်၊ ကမ်းခြေက ဖယ်ရှားခံခဲ့ရတဲ့ ဆိုင်အားလုံး ရောင်းချနိုင်မယ့်နေရာ တစ်ခုပါ၊ တစ်ရာသီပဲ သတ်မှတ် ရင်လည်း အဆင်ပြေပါတယ်၊ ဒီထက်ပိုကောင်းတဲ့နေရာရှိရင်လည်း ထပ်ရှာဖွေပြီး ရောင်းချခွင့် ပေးစေချင်ပါတယ် ၊ အခု စရောင်းနေတာ ဆိုင် ၃၀ လောက်ရှိပါပြီ” ဟု ချောင်းသာကမ်းခြေဈေးသည် မစကားဝါကပြောသည်။

ချောင်းသာကမ်းခြေ သောင်ပြင်ပေါ်တွင် ဆိုင်ခန်းခင်း ဈေးရောင်းချနေသော ဈေးသည်များမှာ ဒေသအစားအစာများ ဖြစ်သည့် ငါးကင်၊ ပုဇွန်ကင်၊ အုန်းရည်၊ ပင်လယ်စာအသုတ်မျိုး စသည့် အစားအစာများအပြင် ခရုခွံ ကမာခွံများဖြင့် ပြုလုပ်ထားသော အမှတ်တရမျိုးစုံနှင့် အုန်းလက်ဦးထုပ် အစရှိသည့် အမှတ်တရပစ္စည်းများကို ရောင်းချနေသည့် ဈေးသည်များ ဖြစ်ကြောင်းသိရသည်။

ချောင်းသာကမ်းခြေတွင် ဈေးမရောင်းရအပြင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ အများပြည်သူ ရေကစားရန် သတ်မှတ်ထားသည့် ဧရိယာအတွင်း Speed Boat၊ BananaBoat စသည့် အပျော်စီးယာဉ်များ မောင်းနှင်ခြင်းမပြုရန်၊ ကမ်ခြေတွင်လည်း မြင်းစီးခြင်း၊ လှည်းမောင်းခြင်းနှင့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း မပြုလုပ်ရန်၊ ကမ်းခြေဆင်းလမ်းများပေါ်တွင် ယာဉ်များဖြင့် ညအိပ်ခြင်း၊ တဲထိုးညအိပ်ခြင်းနှင့် ရေချိုးခန်းဖွင့်လှစ်ခြင်း တို့ကိုပါ တားမြစ်ထားသည်။

ထို့ပြင် အများပြည်သူအပန်းဖြေရာ နေရာများတွင် ဂွပိုက်များအသုံးပြု၍ ရေပြင်တွင်ပစ္စည်း ရှာဖွေခြင်း မပြုရန်၊ အပန်းဖြေသည့် နေရာနှင့်နီးစပ်ရာတွင် ကျန်းမာရေး ထိခိုက်စေနိုင်သည့် ငါးလှမ်းစင်များ ဆောက်လုပ်ခြင်း၊ ငါးနေလှမ်းခြင်းနှင့် စီးပွါးဖြစ်တိရစ္ဆာန် မွေးမြူခြင်းများ မပြုလုပ်ရန်၊ ကမ်းခြေဧရိယာတွင် သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်းနှင့် သန္တာကျောက်များ တူးဖော်ထုတ်ယူခြင်းမပြုရန်၊ ကမ်းခြေဧရိယာတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ကျူးကျော်ခြင်းနှင့် အဆောက်အအုံ တိုးချဲ့ဆောက်လုပ်ခြင်းများ မပြုရန်ပါတားမြစ်ထားသည်။

ကမ်းခြေသဲသောင်ပြင် ဧရိယာအတွင်း မည်သူမဆို မီးပုံပွဲနှင့် ကာရာအိုကေ သီဆိုခြင်းများ ကျင်းပရန်နှင့် ကမ်းခြေနှင့် မည်သည့် အဆောက်အအုံဧရိယာတွင်းတွင်မဆို မီးရူး၊ မီးပန်း၊ ဗျောက်အိုး၊ ရူးဒိုင်းနှင့် မီးပုံးပျံများ လက်ဝယ် ကိုင်ဆောင်ခြင်း၊ ပစ်ဖောက်ခြင်း၊ လွှတ်တင်ခြင်းများပြုလုပ်လိုပါက ကမ်းခြေသန့်ရှင်း သာယာရေးနှင့် လုံခြုံရေးအလို့ဌာ ကမ်းခြေ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီ၏ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required