ထိလွယ်ရှလွယ် ကိစ္စရပ်များကို သတင်းရေးရာတွင် အတည်ပြုရေးသားခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီး ပြော

ထိလွယ်ရှလွယ် ကိစ္စရပ်များကို သတင်းရေးရာတွင် အတည်ပြုရေးသားခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီး ပြော
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ နိုဝင်ဘာ ၇ ။                      ။ ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပျက်ခဲ့သည့် အကြမ်းဖက်ကိစ္စရပ်များကို သတင်းရေးသားရာတွင် သတင်းသမားများ အနေဖြင့် အတည်ပြုရေးသားခြင်း မပြုလုပ်ခဲ့ခြင်းကို တွေ့ရှိရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောသည်။

"များမကြာမီက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ရေးတဲ့ သတင်းတွေထဲမှာ မှန်ကန်မှုရှိမရှိ စိစစ်ဖို့ လိုအပ်ကြောင်း ထင်ရှားနေတဲ့ အကြောင်းအရာအချက်အလက်တွေ သေသေချာချာ အတည်မပြုဘဲနဲ့ ရေးသား ဖော်ပြခဲ့တာတွေကို တော်တော်များများလေး တွေ့ရပါတယ်" ဟု ဒေါက်တာဖေမြင့်က ပြောဆိုခဲ့သည်။

ထိလွယ်ရှလွယ်ကိစ္စရပ်များကို သတင်းရေးသားရာတွင် သတိထား ဆောင်ရွက်ရန် လိုကြောင်း၊ ပဋိပက္ခဖြစ် ပွားရာနေရာ မှာ အတည်ပြုရန် ခက်ခဲသည့် အခြေအနေမျိုးတွင် မိမိရေးသားသည့်သတင်းကို အတတ်နိုင်ဆုံး စူးစမ်းလေ့လာပြီးမှ ဖော်ပြရန်လိုကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ ချက်ထရီယမ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ် မြောက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံတွင်   ဒေါက်တာဖေမြင့်က   ပြောဆိုခဲ့ခြင်း   ဖြစ်သည်။

အဆိုပါ ညီလာခံကို “ဒီမိုကရေစီသစ်အတွက် အားလုံးပါဝင်သော လွတ်လပ်သည့်မီဒီယာ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက် နှစ်ရက်တာ ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ ညီလာခံဖွင့်ပွဲကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် အပါအဝင် ပြည်တွင်းပြည်ပ မီဒီယာများ၊ တိုင်းရင်းသား မီဒီယာများ၊ ယူနက်စကိုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအပြင် တပ်မတော်မှ အရာရှိကြီးများ၊ တရားသူကြီးများလည်း တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required