တောင်ဥက္ကလာပမြို့နယ်တွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တု သွန်းလုပ်မှု ၆ဝ ရာခိုင်နှုန်း ပြီးစီး

တောင်ဥက္ကလာပမြို့နယ်တွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးရုပ်တု သွန်းလုပ်မှု ၆ဝ ရာခိုင်နှုန်း ပြီးစီး

ရန်ကုန်၊ နိုဝင်ဘာလ ၂ ။                        ။ တောင်ဥက္ကလာပ မြို့နယ်တွင် လုပ်ဆောင်နေသည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးသွန်းရုပ်မှာ ၆ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း   ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းနေဝင်း က ပြောသည်။

" ကျွန်တော်တို့ လက်ရှိ ဆောင်ရွက်တဲ့ အခြေအနေကတော့ ၆ဝ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ ကျွန်တော်တို့ ရည် ရွယ်ချက်ကတော့ တောင်ဥက္ကလာပမှာ ရှိတဲ့ မြို့တော်သူ၊ မြို့တော်သားများနဲ့ နောင်လာမယ့် လူငယ်တွေဟာ ဗိုလ်ချုပ်ရဲ့ ဂုဏ်ရည်၊ နိုင်ငံအပေါ်ထားတဲ့ သစ္စာတရားတွေကို ကျွန်တော်တို့၊ သူတို့ အတုယူနိုင်ပါစေဆိုတဲ့ ရည် ရွယ်ချက်နဲ့ တည်ဆောက်ဖြစ်တာပါ" ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၂ရက်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အင်းဝမှတ်တိုင် အနီးရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေး ရုပ် ဖြစ်မြောက်ရေးကော်မတီရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမသို့ ပြောကြားခဲ့ခြင်း ဖြစ် သည်။

အမြင့်ပေ (၉) ပေ ရှိသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ကြေးရုပ်တုအား သွန်းလုပ်ရန်အတွက် ဗိသုကာပညာရှင် ဦးအောင်ကျော်ထွန်းထံသို့ အပ်နှံထားပြီး ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့တွင် သုမင်္ဂလာပန်း ခြံသို့ ကြေးရုပ် ရောက်ရှိစိုက်ထူနိုင်မည်ဖြစ်ကြောင်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလင်းထက်က ပြောသည်။

" ကြေးရုပ်ဆိုလည်း ခုဆို သွန်းလောင်းနေပါပြီ၊ မြေနေရာတည်ဆောက်ခွင့်ကျတာနဲ့ စတင်တည်ဆောက်ဖို့က အချိန်တစ်လပဲ ယူပါ့မယ်။ အားလုံးပြီးပြီဆိုရင် ဖေဖော်ဝါရီလ ၁၃ ရက်မှာ ကျွန်တော်တို့ ဖွင့်လှစ်မယ်။ ဖွင့်လှစ်ပြီး တဲ့ အခါမှာ ဒီ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရေရှည်ထိန်းသိမ်း ပြုပြင်ရေးဆိုတဲ့ ကော်မတီကို ကျွန်တော်တို့က မြို့သူမြို့သားတွေနဲ့၊ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများ ဌာနနဲ့ သက်ဆိုင်ရာ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတွေနဲ့ အားလုံးပူးပေါင်းပြီးတော့ ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် ဆောင်ရွက်သွားပါမယ်။" ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ကို ကြေးပိဿာချိန် ၃ဝဝ ဖြင့် အမြင့်ပေ ၉ ပေ တည်ဆောက်သွားမည် ဖြစ်ပြီး ကုန်ကျငွေမှာ ခန့်မှန်းခြေ ငွေကျပ် သိန်း ၃၅ဝ ဖြစ်သည်။ လက်ရှိတွင် မြို့နယ်အတွင်း ၆ ရက်တာ လှည့်လည်ကောက်ခံထားသည့် အလှူငွေ ကျပ် သိန်း ၈၉ သိန်းကျော် ( ၈, ၉၈၉ , ၆၅ဝ ကျပ်) ရရှိထားကြောင်း အတွင်းရေးမှူး ဦးထွန်းနေဝင်း ပြောပြချက်အရ သိရသည်။

ဗိုလ်ချုပ်ပုံတူ ကြေးရုပ် တည်ဆောက်ရန်အတွက် ဇွန်လ ၂၄ရက်တွင် မြို့နယ်သူ၊ မြို့နယ်သားများပါဝင်သော ကော်မတီဖွဲ့စည်း၍ စတင်ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ ၆ ရက်နေ့တွင် မြေနေရာရရှိရေးအတွက် ရုံးပိုင် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာနများသို့ တင်ပြလျှောက်ထားခဲ့ရာ အောက်တို ဘာလ ၇ ရက်နေ့တွင် တရားဝင် ခွင့်ပြုချက်ရရှိခဲ့ပြီး လက်ရှိတွင် မြေနေရာ တည်ဆောက်ခွင့် ရရှိရန်အတွက် စောင့်ဆိုင်း နေကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required