ဆက်ဆံရေး အေးခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယား အပြန်အလှန် ဆက်ဆံရေးသစ် ဖော်ဆောင်

ဆက်ဆံရေး အေးခဲ့သည့် ထိုင်းနှင့် ကမ္ဘောဒီးယား အပြန်အလှန် ဆက်ဆံရေးသစ် ဖော်ဆောင်

ဘန်ကောက်၊ စက်တင်ဘာ ၂၆ ။                 ။ ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံသည် အပြန်အလှန်ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ် ဖော်ဆောင်လျက်ရှိနေသည်။ တစ်ချိန်က ဆက်ဆံရေး   အေးခဲ့သည့် နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

၁၄ နှစ်အတွင်း ပထမဆုံးအဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ထိုင်းနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသစ် စတင်လာခြင်းဖြစ်သည်။

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေး ၆၅ နှစ် ပြည့်အထိမ်းအမှတ် ပူးတွဲကက်ဘိနက်အစည်းအဝေးမတိုင်မီ ဟွန်ဆန်နှင့် ထိုင်းဝန်ကြီးချုပ် ချန်အိုချာသို့ သီးသန့်တွေ့ဆုံခဲ့ပြီး ဒေသတွင်း ကိစ္စရပ်များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် သံတမန်ဆက်ဆံရေးခိုင်မာမှုတို့အတွက် ဆွေးနွေးခဲ့သည်။

“လက်ရှိမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား ဆက်ဆံရေးက ပုံမှန်ထက် ပိုကောင်းမွန်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေ ကမ္ဘောဒီးယားကို ပိုမိုလာရောက်ပြီး ထိုင်းကုန်သွယ်မှု ကိုလည်း များပြားလာတာ တွေ့ရမှာဖြစ်ပါတယ်။”ဟု ကမ္ဘောဒီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖာဆစ်ဖန်က ပြောသည်။

အဆိုပါ ပူးတွဲကက်ဘိနက်အစည်းအဝေးကျင်းပပြီးနောက် ကမ္ဘောဒီးယားတာဝန်ရှိသူများက နှစ်နိုင်ငံအကျိုးရှိစေမည့် မူဝါဒသစ်များ ဖော်ဆောင်ရေးကို ဆွေးနွေးခဲ့သည်။

“နောက်ထပ် ပူးတွဲကက်ဘိနက်အစည်းအဝေးကျင်းပဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ ဒါပေမယ့် အစီအစဉ်တော့ မရေးဆွဲရသေးဘူး။”ဟု ဖာဆစ်ဖန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required