ကွန်ပနီအနေဖြင့် ပွဲထွက်နေရာကို အလိုအလျောက် ပြန်ရမည်မဟုတ်ဟု ဂွာဒီယိုလာ သတိပေး

ကွန်ပနီအနေဖြင့် ပွဲထွက်နေရာကို အလိုအလျောက် ပြန်ရမည်မဟုတ်ဟု ဂွာဒီယိုလာ သတိပေး

စက်တင်ဘာ ၁၇၊ မန်ချက်စတာ။                     ။ မန်ချက်စတာစီးတီး အသင်းခေါင်းဆောင် ကွန်ပနီ အနေဖြင့် ဒဏ်ရာမှပြန်လည် သက်သာလာသည့်အခါ ပွဲထွက်ခွင့် အလို အလျောက်ရမည် မဟုတ်ဟု ဂွာဒီယိုလာက သတိပေးလိုက်သည်။

ကွန်ပနီ သည်ပြီးခဲ့သည့် ရာသီနှောင်းပိုင်းက ခြေသလုံး ကြွက်သားဒဏ်ရာနှင့် ပေါင်ကြွက်သားစုတ်ပြဲသည့် ဒဏ်ရာများ ရရှိခဲ့သည်။

ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားမှာ ဘောလုံးပြန် ကစားနိုင်ရန် နီးစပ်နေပြီဖြစ်သော်လည်း ပွဲထွက်ခွင့် နေရာအတွက် အော်တာမန်ဒီ၊ ဂျွန်စတုန်းတို့နှင့် ပြိုင်ဆိုင်ရန် လိုအပ်သည်ဟု ဂွာဒီယိုလာက ယုံကြည်နေသည်။

ဗဟိုနောက်ခံလူကို ပြန်လည် ထည့်သွင်းကစားတော့မည်လားဆိုသည့် မေးခွန်းကို ဂွာဒီယိုလာက “လုံးဝ မဟုတ်ပါဘူး။ သူတို့ အနေနဲ့ တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်ရပါလိမ့်မယ်။

ပွဲအတွက်အကောင်းဆုံးဖြစ်ဖို့ ကွင်းထဲမှာစောင့်ကြည့်ရပါမယ်။ အဲဒါက ဧပြီ ဒါမှမဟုတ် မေ မှာ ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းပါ။

ကစားသမားတွေတစ်ယောက်နဲ့တစ်ယောက်ပြိုင်နေကြဖို့ လိုပါတယ်။ ကစားသမားတွေအနေနဲ့ ကောင်းကောင်း မကစားနိုင်ရင် တခြားသူက အခွင့်အရေးရသွားလိမ့်မယ်ဆိုတာ သိဖို့လိုပါတယ်။

ကွန်ပနီရဲ့ ခြေစွမ်းကိုသိထားလို့ ကျွန်တော်သူ့ကိုလိုအပ်ပါတယ်။ ဂျွန်စတုန်း၊ အော်တာမန်ဒီနဲ့ ကိုလာရော့ဗ်တို့ကို ဖိအားပေးဖို့ သူ့ကိုလိုအပ်ပါတယ်။

ကွန်ပနီပြန်လာတော့မှာပါ။ ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး”ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required