ထုတ်ကုန်တန်ဖိုး မြှင့်တင်ရန် နည်းပညာဆိုင်ရာ ကုန်စည်ပြပွဲ နိုင်ငံပေါင်း ၂၁ နိုင်ငံ ပါဝင်မည်

ထုတ်ကုန်တန်ဖိုး မြှင့်တင်ရန် နည်းပညာဆိုင်ရာ ကုန်စည်ပြပွဲ နိုင်ငံပေါင်း ၂၁ နိုင်ငံ ပါဝင်မည်

ရန်ကုန်၊ စက်တင်ဘာလ ၈၊ ၂ဝ၁၆ ။               ။ အစားအသောက်နှင့် ဆေးဝါးပစ္စည်းများကို ပြည်တွင်း၌ပင် အဆင့်ဆင့်သော နည်းပညာများဖြင့် ထုတ်ကုန်တန်ဖိုး မြှင့်တင်နိုင်စေရန်အတွက် Propak Myanmar မှ ထုတ်လုပ်ရေးနှင့် ထုတ်ပိုးရေးနည်းပညာဆိုင်ရာ ကုန်စည်ပြပွဲကို နိုင်ငံပေါင်း (၂၁) နိုင်ငံပါဝင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအစာနှင့် အဟာရ သိပ္ပံနှင့် နည်းပညာအသင်း ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းကြည်က မဇ္ဈိမသို့ ပြောကြားသည်။

တတိယအကြိမ်မြောက် နိုင်ငံတကာကုန်ထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်းဆိုင်ရာ လုပ်ငန်းများ အတွက် ရည်ရွယ်ပြီး Propak Myanmar 2016 ပြပွဲကို ရန်ကုန်မြို့ရှိ Myanmar Event Park (MPC) တွင် စက်တင်ဘာလ ၂၂ ရက်မှ ၂၄ ရက်ထိ ၂ရက်ကြာ ကျင်းပရန်သွားမည်ဟု ယနေ့ စက်တင်ဘာလ ၈ ရက်၊ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCL တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ဝင်းဝင်းကြည်က ဖြေကြားခဲ့ဖြစ်သည်။

"နိုင်ငံခြားတွေက ဝင်လာတဲ့ ကုန်ချောတွေက ဆရာမတို့ဆီက ကုန်ကြမ်းအနေနဲ့ထွက်သွားတဲ့ ပစ္စည်းတွေပါပဲ၊ တန်ဖိုးမြှင့်လိုက်တာပေါ့နော်၊ သေချာထုတ်ပိုးပြင်ဆင်ပြီးတော့ ပြန်ပြီးတော့ တင်သွင်းရောင်းကြတာပါ၊ အဲ့လိုရောင်းတဲ့အပြင်ကို အထဲမှာဆိုရင် ဆရာမတို့ စားသောက်လို့မသင့်တဲ့၊ အရည်အသွေးမရှိတဲ့ ပစ္စည်းတွေပါဝင်လာတယ်၊ ဥပမာ ထန်းညှက်နဲ့ ချောကလက် ယှဉ်စားမယ်ဆိုရင် လူတော်တော်များများ ချောကလက်ပဲ စားချင်ကြတယ်၊ အဲ့ဒီ ထန်းညှက်ကို သကြားလုံးပုံစံ ၊ ချောကလက်ပုံစံ စနစ်တကျ အဆင့်ဆင့် ထုတ်လုပ်မယ်ဆိုရင် ကိုယ့်နိုင်ငံအနေနဲ့ အဟာရပြည့်တဲ့ သရေစာ တစ်ခုလုပ်လို့ရတာပေါ့၊ ဒါမျိုးတွေ သိအောင်လို့ ဒီပွဲကို ကျင်းပရတာဖြစ်ပါတယ်၊ "ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းသည် ခန်းမှန်းခြေ စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၂၄ရာခိုင်နှုန်း၊ နိုင်ငံခြား တင်ပို့မှုမှ ရရှိသောဝင်ငွေ၏ ၂၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အလုပ်သမား ၆၁ ဒသမ ၂ ရာခိုင်နှုန်းအတွက် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးထားနိုင်ကြောင်း Propak Myanmar ၏ သတင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

"မြန်မာနိုင်ငံရဲ့ များပြားလှတဲ့ စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်တွေဟာ တိုင်းပြည်တိုးတက်မှုအတွက် အရေးပါလှတဲ့နေရာမှာ ဆက်ရှိနေကြမှာပါ၊ Propak Myanmar ဟာ ဒီလုပ်ငန်းတွေကို   ရှေ့ဆက်မောင်းနှင်နိုင်ဖို့ လိုအပ်တဲ့ နောက်ဆုံးပေါ်နည်းပညာ၊ စိတ်ကူးအကြံဉာဏ်နဲ့ ဖြေရှင်းနည်းတွေကို တင်ဆက်ပေးနိုင်မယ့် တိုင်းပြည်ရဲ့ အဓိက ပေါင်းကူးတစ်ခုဖြစ်မှာပါ၊ "ဟု Myanmar Trade Fair Management ၏ အထွေထွေမန်နေဂျာ Mr. Fraser Hawkes က ပြောသည်။

အဆိုပါပြပွဲကို နိုင်ငံပေါင်း (၂၁) နိုင်ငံမှ ပါဝင်ပြသသူ ၂ဝဝ ကျော်ပါဝင်မည်ဖြစ်ကာ တရုတ်၊ အီတလီ၊ စင်္ကာပူ၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာပြခန်း ၅ ခန်း ပါဝင်ပြသမည်ဖြစ်ပြီး   ဆွေးနွေးပွဲများလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အထွေထွေမန်နေဂျာ Mr. Fraser Hawkes ၏ ပြောပြချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required