အသက် ၁၄၅ နှစ် ရှည်ခွင့် ရသော်ငြား သေချင်နေပြီဆိုတဲ့ အဖိုးအို

အသက် ၁၄၅ နှစ် ရှည်ခွင့် ရသော်ငြား သေချင်နေပြီဆိုတဲ့ အဖိုးအို
ဓာတ်ပုံ - EFE_EPA

အသက် ၁၄၅ နှစ်ရှိနေပြီဟု ယုံကြည်ရသော အင်ဒိုနီးရှားနိုင်ငံမှ အဘိုးအိုတစ်ဦးကို ယခုအခါ ကမ္ဘာ့ အသက်အကြီးဆုံးသော ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ရတော့မည်ဖြစ်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Mbah Gotho ဆိုသူ အင်ဒိုအဘိုးအိုမှာ  မထင်မရှားနေထိုင်လာခဲ့ပြီးမှ ယခုအခါကျမှ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ် အဖြစ် မီဒီယာများထက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အင်ဒိုတာဝန်ရှိသူများ၏ ထုတ်ဖော်ချက်အရ ၎င်းအဘိုးအိုမှာ လွန်ခဲ့သည့် ၁၈၇၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က မွေးဖွားခဲ့သည်ဆိုသည့် တရားဝင်မွေးစာရင်းတစ်ခု ရှိနေသည်ဟု သိရသည်။

အဘိုးအို၏ မွေးချင်း ဆယ်ဦးနှင့်အတူ ဇနီးသည် လေးဦးစလုံး ကွယ်လွန်သွားခဲ့ပြီဖြစ်သည်ဟုလည်း သိရသည်။ အလားတူ ၎င်း၏ သားသမီးများအားလုံးမှာလည်း သေဆုံးသွားခဲ့ကြပြီး ယခုအခါ အဘိုးအိုမှာ မြေးမြစ်များနှင့် နေထိုင်နေလျက်ရှိသည်။

အကယ်၍ အဘိုးအို၏ မွေးစာရင်းအထောက်အထားများကိုသာ မှန်ကန်နေပါက ၎င်းမှာ လက်ရှိ ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရပြီး အသက် ၁၂၂ နှစ်ထိ   နေထိုင်သွားရသော ပြင်သစ် အဘွားအို Jeanne Calment ထက် အများကြီး ပိုကြီးနေမည်ဖြစ်သည်။

မကြာသေးမီက ဒေသတွင်း သတင်းထောက်များက သွားရောက်မေးမြန်းခဲ့ရာတွင် ၎င်းအနေဖြင့်မူ မြေးများ ကောင်းစွာ အရွယ်ရောက်နေပြီး အမှီအခိုကင်းကင်း ရပ်တည်နေနိုင်ပြီဖြစ်သောကြောင့်   သေလိုနေပြီဖြစ်ကြောင်း ဖြေကြား ထားခဲ့သည်။

ယင်းအဘိုးအို၏ မြေးတစ်ဦးဖြစ်သည့် Suryanto ကလည်း ၎င်း၏ အဘိုးဖြစ်သူမှာ အသက် ၁၂၂ နှစ်အရွယ်ကပင် သေမည့်နေ့အတွက် ပြင်ဆင်ထားခဲ့ကြောင်းနှင့် ၎င်း၏ဆန္ဒမှာ ယခုထက်ထိ အကောင်အထည်ပေါ်မလာဘဲ ဆက်လက် အသက်ရှင် နေထိုင်နေလျက်ရှိကြောင်း ပြောဆိုသွားသည်။

"၁၉၉၂ ခုနှစ်ကတည်းက အုတ်ဂူတောင်လုပ်ထားပြီးပါပြီ၊ ခုဆို ၂၄ နှစ်တောင်ရှိပြီပေါ့"  ဟု ၎င်းက ပြောသွားသည်။

ရုပ်သံကို ကြည့်ရှုရန်- https://www.facebook.com/MizzimaDaily/videos/1257495377618698/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required