သြဂုတ် ၂၄ ။ ။ အမေရိကန်နိုင်ငံ အနောက်ပိုင်းတွင် လောင်ကျွမ်းနေလျက်ရှိသော တောမီးများကို ငြိမ်းသတ်နိုင်ရန် ခက်ခဲနေလျက်ရှိရာ ယခုအခါ ဒေသခံများနှင့် အဆောက်အအုံပစ္စည်းများအပေါ် ခြိမ်းခြောက်လာနေခြင်းကြောင့် ဝါရှင်တန် ပြည်နယ်အစိုးရက အရေးပေါ် ကြေညာချက်ထုတ်ပြန်လိုက်သည်။
ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူးက သြဂုတ်လ ၂၃ ရက်၌ ပြည်နယ်တွင်းရှိ ကောင်တီ ၂၀ အတွက် အရေးပေါ် ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
" ဒီတောမီးတွေက ကျွန်တော်တို့ ပြည်သူတွေ၊ အဆောက်အအုံတွေ၊ သဘာ၀ အရင်းအမြစ်တွေကို ခြိမ်းခြောက်လာနေပါတယ်၊ ဒီချိန်မှာ ဒေသခံပြည်သူတွေကို လိုအပ်တဲ့အကူအညီတွေ ကျွန်တော်တို့
ပေးကြရပါမယ်၊ ဝါရှင်တန်ပြည်သူပြည်သားအားလုံး ညီညွတ်ကြရမယ့်အချိန် ရောက်ပါပြီ" ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေးအင်စလီက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ပြည်နယ်တွင်းရှိ ကျေးလက်ဒေသနေရာအနှံ့အပြားတွင် လောင်ကျွမ်းနေခဲ့သော တောမီးများကြောင့် အဆောက်အအုံပေါင်း ၂၅ ခု ကျော် ပျက်စီးဆုံးရှုံးထားရသကဲ့သို့ နောက်ထပ် အဆောက်အဦး ရာပေါင်းများစွာကိုပါ ခြိမ်းခြောက်လာနေပြီး ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရမှုများလည်း ရှိနေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
အလားတူ လာမည့် သီတင်းပတ်အတွင်း ရာသီဥတုအခြေအနေမှာလည်း လွန်စွာ ပူပြင်းနိုင်ပြီး လေတိုက်နှုန်း အားကောင်းဖွယ်ရှိခြင်းကြောင့် မီးသတ်သမားများ၏ မီးငြိမ်းသတ်မှုလုပ်ငန်းများကို ဟန့်တားလာနိုင်သည်ဟု မစ္စတာ အင်စလီက မှတ်ချက်ပြုပြောကြားသည်။
ယခုအချိန်တွင် ပြည်နယ်တွင်း၌ တောမီးများကို ငြိမ်းသတ်နိုင်ရန် မီးသတ်သမား ၁၀,၀၀၀ ကျော် အပြင်းအထန် ကြိုးပမ်းနေရသည်ဟု သိရသည်။