ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစုံစမ်းရေးအရာရှိ မိမိတို့နိုင်ငံသို့ လာစရာမလိုကြောင်း ဖိလစ်ပိုင်သမ္မတ ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြော

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးစုံစမ်းရေးအရာရှိ မိမိတို့နိုင်ငံသို့ လာစရာမလိုကြောင်း ဖိလစ်ပိုင်သမ္မတ ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြော

သြဂုတ် ၂၁ ။              ။ ဖိလစ်ပိုင်၏ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွင်း သတ်ဖြတ်နေမှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ယင်းနိုင်ငံသို့ သွားရောက်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း သမ္မတ ဒူတာတေးကမူ မိမိလာမည်ကို မကြိုက်သည့်အကြောင်း တဲ့တိုးအိုးပေါက် အကြောင်းပြန်ထားခဲ့သည်ဟု ကုလ လူ့အခွင့်အရေး စုံစမ်းရေးအရာရှိက ပြောသည်။

နိုင်ငံတွင် အစိုးရသစ်၏ မူးယစ်နှိမ်နင်းရေးလုပ်ငန်းစဉ်အတွင်း သံသယရှိ တရားခံ ၁,၅၀၀ ကျော်ကို သုတ်သင်ရှင်းလင်းထားပြီးဖြစ်ကြောင်း ဖိလစ်ပိုင်ရဲချုပ်က ပြောကြားချက်အရ သိရသည်။

ဖိလစ်ပိုင်အစိုးရ၏ ယခုလုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေများအရ ပြစ်မှုမြောက်ကြောင်း ကုလသမဂ္ဂက ဘက်က စွပ်စွဲထားခဲ့သည်။ သို့သော် ယင်းစွဲချက်များ မမှန်ကန်ကြောင်းနှင့် မယုံလျင် နိုင်ငံသို့ ကိုယ်တိုင်လာရောက်စုံစမ်းနိုင်ကြောင်း ဖိလစ်ပိုင်ဥပဒေကောင်စီအကြီးအကဲ ဆယ်လ်ဗာဒို ပါနယ်လိုက အစောပိုင်းက မိမိထံသို့အကြောင်းကြားခဲ့ကြောင်း ကုလ အရာရှိက ပြောသည်။

“ ဥပဒေကောင်စီအကြီးအကဲက ကျွန်မကိုလာဖို့ ဖိတ်ပါတယ်၊ ဒီလိုဆိုရင်တော့ သူတို့ နိုင်ငံကို သွားပြီး အစိုးရနဲ့ အခြားသက်ဆိုင်ရာတွေနဲ့ စေ့စပ်ညှိနှိုင်းပြီး ပြီးခဲ့တဲ့ကာလပိုင်းက မူးယစ်မှုနဲ့လူတွေ သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေကို စုံစမ်းနိုင်မယ်လို့ ယူဆခဲ့တာပါ” ဟု ကုလအရာရှိ အေဂျင်စ် ကာလာမက်ဒ်က ပြောသည်။

သို့သော် ဥပဒေကောင်စီအကြီးအကဲ၏ ပြောကြားချက်များနှင့်ပတ်သက်၍ ကုလအရာရှိဘက်မှ တလွဲသဘောပေါက်ခဲ့ခြင်းသာဖြစ်ကြောင်း နှင့် မိမိတို့အစိုးရအနေဖြင့် မည်သူ့ကိုမှ ဖိတ်ကြားထားခြင်းမရှိကြောင်း သမ္မတဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ် အာနက်စ်တို အေဘယ်လာက သြဂုတ် ၂၀ ရက်တွင် အတည်ပြုသွားသည်။

“ ဖိလစ်ပိုင်အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ နိုင်ငံကို လာပါလို့ တရားဝင်ဖိတ်ထားခြင်းမရှိပါဘူး၊ နောက်ပြီး ကုလကိုလည်း ကျွန်တော်တို့ရဲ့ နိုင်ငံကိစ္စတွေကို လာကြည့်ပါလို့ ပြောထားတာမျိုး မရှိပါဘူး” ဟု ၎င်းက ထုတ်ပြန်ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required