KIO ဌာနချုပ် လိုင်ဇာအနီး လက်နက်ကြီးကျဟုဆို

KIO ဌာနချုပ် လိုင်ဇာအနီး လက်နက်ကြီးကျဟုဆို

ချင်းမိုင်၊ သြဂုတ် ၁၈ ။              ။  ကချင်လွတ်လပ်ရေးအဖွဲ့(KIA) ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီးကျရောက်လာသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ညီလာခံအား တစ်စုံတစ်ရာ အနှောက်အယှက် ဖြစ်နိုင်ကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူကပြောသည်။

“ဒီမနက် (သြဂုတ် ၁၈ရက်) ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ လိုင်ဇာအနီးတဝိုက်လို့ ပြောလို့ရတဲ့ ဒေါဖုန်းယန်ဘက်ကနေ ကေအိုင်အေ တပ်မဟာ ၅ ရဲ့ လုံခြုံရေး နယ်မြေဖြစ်တဲ့ ရှေ့တန်းစခန်းတွေမှ ၈၁ မမလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂၄ တို့၊ နောက်ပြီးတော့ ကျောင်းသားတပ်တွေ တပ်စွဲထားတဲ့ဘက်မှာလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ ခရာဘွမ်တောင်ကနေ လိုင်ဇာမြို့ရဲ့ မြောက်ဘက်ကျတဲ့ မိုင်ဆတ်ပါရွာ၊ မုန်လိုင်ခရက်ဘက်မှာ ကေအိုင်အေ တပ်စခန်းနဲ့ နီးတဲ့ နေရာတွေမှာလည်း ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် မြစ်ကြီးနား-ဗန်းမော်လမ်းကြောင်းပေါ်က မလီးချောင်းတံတားတွင် တပ်စွဲထားသည့် မြန်မာ့တပ်မတော်ဘက်မှလည်း မုန်ဖန်ဘွမ်ဆိုသည့်ဒေသဘက်တွင် ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိကြောင်း သူက ပြောသည်။

ယခု ပစ်ခတ်မှုနှင့်ပတ်သက်၍ “အခု နိုင်ငံရေးဆွေးနွေးဖို့ နီးကပ်လာတဲ့အချိန်မှာ အခုလိုမျိုး လက်နက်ကြီးနဲ့ ပစ်တယ်။ တိုက်ပွဲဆင်နွဲဖို့ စစ်ကြောင်းတွေ ထိုးတဲ့ဆိုတာကတော့ ဒီ ၂၁ ရာစုပင်လုံ ညီလာခံ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကလည်း အနှောက်အယှက်ပေးမယ်။ နောက်ပြီးတော့ ကျနော်တို့ ကေအိုင်အေကိုတော့ သူတို့က အန်စီအေ လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့အစည်းဆိုပြီးတော့မှ အန်စီအေ လက်မှတ်ထိုးအောင်ပေါ့။ ဖိအားပေးတဲ့သဘောမျိုးနဲ့ ခုလိုမျိုး စစ်ဆင်ရေးများ လုပ်သလားလို့ ယူဆပါတယ်”ဟု ဒုဗိုလ်မှူးကြီး နော်ဘူက သုံးသပ်သည်။

ယင်းသို့ ကေအိုင်အိုနယ်မြေထဲသို့ လက်နက်ကြီးကျရောက်မှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့သည့်အတွက် အစိုးရ နှင့် တပ်မတော်ဘက်သို့ မဇ္ဈိမက အတည်ပြုနိုင်ခြင်း မရှိသေးပေ။ မဇ္ဈိမက အတည်ပြုနိုင်ခြင်း မရှိပေ။

ယခု ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် လိုင်ဇာမြို့ပြင်များသို့ ကျရောက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေသည်ဟု လိုင်ဇာမြို့မှ KIO ဗဟိုကော်မတီဝင် အရာရှိ ဆလန်ကဘား ဒွဲပီဆာက ပြောသည်။

ထို့ပြင် သြဂုတ်လ ၁၄ ရက်မှစတင်၍ KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နယ်မြေ ဝိုင်းမော်မြို့နယ် ဆဒုံး-ကန်ပိုင်တီ ဒေသဘက်တွင် တပ်မတော်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ထိုးစစ်ဆင်လာသဖြင့် သြဂုတ်လ ၁၇ ရက်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဦးဒွဲပီဆာက ပြောသည်။

“ခုတလောက လက်နက်ကြီးတွေနဲ့ နေရာအနှံ့ပစ်နေတော့၊ စိုးရိမ်နေရတယ်။ တဘတ်ချောင်း တဖက်ကမ်း ဆဒုံးဘက် တပ်ရင်း ၃ ရဲ့ လိုင်ဖောင်(lai hpawng)ပိုစ့် ကို ၁၀ ကြိမ်လောက်လက်နက်ကြီးနဲ့ ပစ်တယ်။ ၁၆ ရက်နေ့က ၄၊ ၅၊ ၆ ကြိမ် ထပ်ပစ်တယ်။ ညနေ ၄ နာရီလောက်မှာက ခြေလျင်ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ပစ်တယ်၊ မနေ့က မနက်လည်း လက်နက်ကြီးတော့ ပစ်နေသေးတယ်”ဟု သူက ပြောသည်။ လက်ရှိ တပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများ ရှိနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၄ တနိုင်းဒေသ နှင့် တပ်ရင်း ၆ ဒေသ ဖားကန့်မြို့နယ်ဘက်တွင်လည်း သြဂုတ်လဆန်းပိုင်းမှ စတင်၍ တိုက်ပွဲ ဖြစ်ပွားနေသည်။

သြဂုတ်လ ၁၅ ရက်က ဖားကန့်မြို့နယ် နမ့်ယားကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် နမ့်ယားကျေးရွာရှိ အလယ်တန်း ကျောင်းသို့လက်နက်ကြီး ကျရောက်ခဲ့သဖြင့် ကျောင်းဆရာမ တစ်ဦးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required