မြစ်ကြီးနားမြို့မှာ PDFအမည်ခံအခွန်ကောက်သည့်အဖွဲ့ကို KIAက လိုက်လံဖမ်းဆီး

By အဂမ် (မဇ္ဈိမ)
30 November 2023
 မြစ်ကြီးနားမြို့မှာ PDFအမည်ခံအခွန်ကောက်သည့်အဖွဲ့ကို KIAက လိုက်လံဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် PDF အမည်ခံပြီး ဖုန်းဆက်ငွေကြေးကောက်ခံနေသည့်အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ရင်းနှင့် ပူးပေါင်း PDF အဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း KIAသတင်းရင်းမြစ်တွေက ဆိုသည်။

ထိုသို့ ဖုန်းဆက်ငွေကြေးကောက်ခံနေခြင်းကို မြစ်ကြီးနားမြို့တိုက်နယ် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)အုပ်ချုပ်ရေးရုံးအနေဖြင့် သက်ဆိုင်ရာအဖွဲ့အသီးသီးကို ဆက်သွယ်အကြောင်းကြားထားပြီး လိုက်လံရှာဖွေဖမ်းဆီးနေခြင်း ဖြစ်သည်ဟု KIO တိုက်နယ်ရုံးမှ အရာရှိတဦးက အခုလိုဆိုသည်။

" ဒီသတင်း ကျနော်တို့လည်း ကြားတယ်။ PDF တွေကို အခွန်အနေနဲ့ ကောက်ဖို့ ကျနော်တို့မလုပ်ခိုင်းထားဘူး။ ဖုန်းဆက်ပြီးကောက်တယ်ဆိုကတည်းက မဟုတ်တော့ဘူး။ အခွန်အခ ကောက်တာကို ကျနော်တို့က အခုမှ လုပ်တာမဟုတ်ဘူး။ အရင်ကတည်းနေလုပ်တာ။ လုပ်တဲ့ပုံစံကိုလည်း မြို့ခံအခွန်ထမ်းပြည်သူအားလုံး သိကြတာပဲ။ စာအိတ်နဲ့ နာမည်သေချာရေးပြီးတော့မှ ကောက်တာ။ ဒီလို ဖြစ်ကတက်ဆန်းလည်း မလုပ်ဘူး။ အဲ့တာကြောင့် အခုဒီလိုသတင်းထွက်လာတာကြောင့် ခြေရာခံလိုက်ရှာနေပါပြီ။ မကြာခင်ဖမ်းမိမှာပါ " ဟု ပြောသည်။

မြစ်ကြီးနားမြို့မှာရှိသော ဈေးဆိုင်တချို့ထံ ယခုလ နိုဝင်ဘာ ဒုတိယအပတ်လောက်ကစပြီး တောဝက်အမည်ရှိသည့် PDF အမည်ခံအဖွဲ့တခုက ခြိမ်းခြောက်ငွေကြေးကောက်ခံနေတာတွေ ဆက်တိုက်ဖြစ်ပေါ်လာနေခြင်း ဖြစ်သည်။

တောဝက်အမည်ရှိ PDF အဖွဲ့က မည်သည့်အဖွဲ့ဖြစ်ပြီး၊ ယင်းအဖွဲ့ကို ခြေရာခံနေမှုက မည်သည့်အဆင့်မှာရှိနေပြီဆိုသည်ကို KIOတိုက်နယ်ရုံးသတင်းရင်းမြစ်က ပြောပြခဲ့ခြင်းတော့မရှိသေးပေ။

မြစ်ကြီးနားမြို့အနှံ့တွင် ယခုလို ဖုန်းဆက်အခွန်အခအဖြစ် ဆက်ကြေးကောက်ခြင်းသည် မြစ်ကြီးနား PDF တွေမဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုထားသည်။

မြစ်ကြီးနားမြို့တွင်းမှာရှိသည့် ဈေးဆိုင်တချို့မှ ဆိုင်ရှင်များထံ ဖုန်းနဲ့ဆက်သွယ်ကာ အခွန်အခအဖြစ် တောင်းခံနေခြင်းဖြစ်သည်ဟု ဆိုင်ရှင်သတင်းရင်းမြစ်များကလည်း ယခုလို ဆိုသည်။

“အခွန်လာဆောင်ပါလို့ ပြောတယ်။ ဘယ်ကလဲဆိုတော့ ​တောဝက်ဆိုတဲ့ မြစ်ကြီးနားအခြေစိုက် PDF အဖွဲ့ကလို့ပြောတယ်။  ၇၀၀,၀၀၀ တောင်းတော့ အရမ်းများလို့ အဆင်မပြေဘူးပြောလိုက်တယ်။ ဘာဖြစ်လို့ အဲ့လိုပြောလဲဆိုရင် ဒီမှာက အခွန်ကောက်ရင် KIAက သေသေချာချာလေး စာပို့တယ်။ ပြီးမှ သင့်လျှော်တဲ့နှုန်းထားကို သတ်မှတ်ပေးတယ်။ အခုဟာက by name by amount နဲ့ကိုး။ နောက်ပြီး ဖုန်းဆက်တောင်းကတည်းက တခုခုမဟုတ်တော့ဘူးဆိုတာ သိနေသလိုဖြစ်နေပြီလေ။ ပြီးတော့ အဲပိုက်ဆံကို လူကိုယ်တိုင်လာပေးခိုင်းတာ။ " ဟု ပြောသည်။

အလားတူ အဖွဲ့အစည်းနာမည်သုံးကာ အခွန်အခအဖြစ် ခြိမ်းခြောက်ငွေတောင်းခံမှုများလည်း ဖားကန့်မြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါ ကျူးလွန်သူများကို ဖမ်းဆီးထားနိုင်ပြီဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာက ၁၃ ရက်နေ့က အဖွဲ့အစည်းနာမည်သုံးကာ ဖားကန့်မြို့နယ် မော်ဝမ်းအုပ်စု၊ ဆွတ်ဘွမ်ကျေးရွာတွင် ခြိမ်းခြောက်အခွန်ကောက်ခံသည့်ကျူးလွန်သူ ငါးဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ KIA တပ်ရင်း (၆) တွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု KIA သတင်းရင်းမြစ်တဦးက ဆိုသည်။

အဆိုပါ ငါးဦးတွင်ပါရှိသည့် K-PDF တပ်ဖွဲ့ဝင် ကိုဝမ်းဘတ်(ခ) ရင်သွေးဦးဆိုသူနှင့် လက်ထောက်တာဝန်ခံ ဇွဲကို ဆိုသူတို့ကို လက်နက်များဖြုတ်သိမ်းကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း KPDF တပ်ဖွဲနှင့် နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုသည်။

"သာမာန်အရပ်သားတဦးလိုပဲ စစ်ဆေးနေတယ်လို့သိရတယ်။ ရာထူးနဲ့ လက်နက်တွေကအစ ဖြုတ်ချလိုက်ပြီဆိုတာကိုလည်း ကြားထားတယ်။ ပါဝင်ပတ်သက်ခဲ့တဲ့ ဓားပြမှုမှန်သမျှကို စစ်ဆေးနေတယ်လို့လည်း သိရတယ်" ဟုပြောသည်။

ဖမ်းဆီးရမိထားသည့် ကျူးလွန်ခဲ့သူငါးဦးတွင် ဟိုပင်မြို့နေ တရုတ်နိုင်ငံသား နှစ်ဦး၊ K-PDF တပ်ဖွဲ့ဝင် နှစ်ဦးနှင့် KIA တပ်ဖွဲ့ဝင်တဦး၏ သားဖြစ်သူလည်းပါဝင်နေပြီး အဖွဲ့ဝင်တဦးဖြစ်သည့် Jade Palace KTV ၏ မန် နေဂျာဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်နေဆဲဟု ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly