လီဗာပူးလ်နှင့်ပွဲအတွက် အဆင်သင့်မဖြစ်ခဲ့ကြောင်းနှင့် ဘယ်အချိန်မှ အဆင်သင့်ဖြစ်မည်ကို မသိကြောင်း အာစင်ဝင်းဂါး ပြော

လီဗာပူးလ်နှင့်ပွဲအတွက် အဆင်သင့်မဖြစ်ခဲ့ကြောင်းနှင့် ဘယ်အချိန်မှ အဆင်သင့်ဖြစ်မည်ကို မသိကြောင်း အာစင်ဝင်းဂါး ပြော

သြဂုတ် ၁၅၊ အင်္ဂလန် ။        ။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် လီဗာပူးလ်အသင်းကို အိမ်ကွင်း၌ သုံးဂိုး၊ လေးဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုပွဲအပြီးတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက သူ၏အသင်းမှာ ထိုပွဲစဉ်အတွက် အဆင်သင့်မဖြစ်ခဲ့ကြောင်းနှင့် မည်သည့်အချိန်တွင်မှ အဆင်သင့်ဖြစ်မည်ကို မသိရှိကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် အာဆင်နယ်အသင်း၏ ပထမပွဲထွက်ကစားသမားများဖြစ်သော ဂီရော့ဒ်၊ အိုဇေးလ်၊ ကိုစီရယ်နီ၊ မာတီဆက်ကာတို့ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပေ။ နောက်ခံလူ ဂါဘရီရယ်မှာလည်း ဒဏ်ရာရနေသည့်အတွက် ချမ်ဘာနှင့် လူငယ်ကစားသမားသစ် ဟိုးဒင်းတို့က ခံစစ်ကို ဦးဆောင်ကစားခဲ့ကြရသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က မန်စီးတီးအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲအပြီးတွင် ဝင်းဂါးက အသင်း၏ကြံ့ခိုင်မှုပိုင်းမှာ အဆင်သင့်ဖြစ်နေပြီဟု ဆိုခဲ့သော်လည်း ယခုမူ သူ၏အသင်းမှာ ကြံ့ခိုင်မှုပိုင်း အဆင်သင့်မဖြစ်သေးကြောင်း ဆိုခဲ့သည်။ ယူရိုပြိုင်ပွဲသို့ စေလွှတ်ခဲ့ရသည့် ကစားသမားများကို အနားပေးရန် လိုအပ်နေသေးကြောင်း ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်း မည်သည့်အချိန်တွင် အဆင်သင့်ဖြစ်မည်လဲဟု သတင်းထောက်များက မေးမြန်းခဲ့ရာတွင် အာစင်ဝင်းဂါးက မသိရှိကြောင်း ဖြေဆိုခဲ့သည်။ ပြိုင်ဘက်အသင်းများ ကစားသမားသစ် အပြိုင်အဆိုင်ဝယ်ယူနေချိန်တွင် အာဆင်နယ်အသင်းမှာ ဇာခါတစ်ဦး အတွက်သာ ငွေသုံးထားသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required