ဖာဂူဆန်၊ အာဆင်ဝင်းဂါးတို့ ပရီးမီးယားလိဂ် Hall of Fame စာရင်းထဲ ဝင်ရောက်ခဲ့

ဖာဂူဆန်၊ အာဆင်ဝင်းဂါးတို့ ပရီးမီးယားလိဂ် Hall of Fame စာရင်းထဲ ဝင်ရောက်ခဲ့

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဟောင်း အဲလက်စ်ဖာဂူဆန်နဲ့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးတို့ဟာ ဗုဒ္ဓဟူးနေ့က ပရီးမီးယားလိဂ်ဂုဏ်ထူးဆောင်ဆု Hall of Fame စာရင်းထဲ ဝင်ရောက်လာတဲ့ ပထမဆုံးမန်နေဂျာတွေဖြစ်လာခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ၁၉၉၀ ပြည့်နှစ်တွေက စတင်လို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုများအတွင်း သူတို့နှစ်ဦးကြားမှာ အင်္ဂလိပ်ထိပ်တန်းချန်ပီယံ ၁၆ ကြိမ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်ကို အမှတ်ပေးချန်ပီယံ ၁၃ ကြိမ်အထိ ရအောင် ဦးဆောင်လမ်းပြပေးရင်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးမန်နေဂျာဖြစ်ပြီး ဝင်းဂါးကတော့ ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိအပါအဝင် အာဆင်နယ်အသင်းနဲ့အတူ အမှတ်ပေးဖလား ၃ ကြိမ်ယူပေးခဲ့ပါတယ်။

ယူနိုက်တက်ကို ၂၆ နှစ်ကျော် ကိုင်တွယ်ခဲ့တဲ့ ဖာဂူဆန်ဟာ ၁၉၉၂-၉၃ ရာသီမှာ သရဲနီတို့ရဲ့ အဦးဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့ပြီး ၁၉၆၇ နောက်ပိုင်း ပထမဆုံး လိဂ်အောင်မြင်မှုကို ပေးအပ်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကျော်ကြားမှု Hall of Fame သို့ ခေါ်ယူထားပြီးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ အဲရစ် ကန်တိုနာ၊ ရွိုင်ကိန်း၊ ဝိန်းရွန်နီ၊ ပီတာရှမိုက်ကယ်နဲ့ ပေါလ်စခိုးလ်တို့ ကစားသမား ခြောက်ဦးကို ဖာဂူဆန် ကိုင်တွယ်ခဲ့ပါတယ်။

“ဒီလိုမျိုး အသိအမှတ်ပြုခံရတာ ဂုဏ်ယူမိပါတယ်”လို့ သူ့ရဲ့ ၁၃ ကြိမ်မြောက် ချန်ပီယံဆုကို ရရှိပြီးနောက် ၂၀၁၃ မှာ အနားယူခဲ့သူ ဖာဂူဆန်က ပြောပါတယ်။

"ဒါပေမယ့်၊ ဒါက ကျနော့်ရဲ့လူတစ်ယောက်အနေနဲ့တင် မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်မှာ အလုပ်နဲ့ နှစ်ပေါင်းများစွာ ကျနော်တို့ ပိုင်ဆိုင်ခဲ့တဲ့ အတွေ့အကြုံတွေပေါ်အခြေခဲ့တဲ့ ဆက်ဆံမှုအကြောင်းပါ၊ ဒါကြောင့် ကလပ်၊ ဝန်ထမ်းတွေနဲ့ ကျနော့်ကစားသမားတွေအတွက် ဂုဏ်ယူမိပါတယ်။"

ဝင်းဂါးဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံးသော နိုင်ငံခြားမန်နေဂျာတွေက တစ်ဦးအဖြစ် ၁၉၉၆ မှာ အာဆင်နယ်ကို  ရောက်ရှိလာခဲ့ပြီး ၂၀၁၈ အထိ ကလပ်မှာ ဆက်ရှိနေခဲ့ပါတယ်။

ပြင်သစ်နိုင်ငံသားနည်းပြကြီးဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခုမှာပါဝင်တဲ့ ဘောလုံးအတွေးအခေါ် (ဒူန)ကို အကောင်အထည်ဖော်ခဲ့ပြီး အာဟာရနဲ့ အားကစားသိပ္ပံအပေါ် အဓိကအာရုံစိုက်မှုတစ်ခု အင်္ဂလိပ်ဘောလုံးဆီ သယ်ဆောင်ခဲ့ပါတယ်။

သူဟာ တိုက်စစ်ကို စွဲဆောင်မှုရှိတဲ့ ကစားဟန်နဲ့ လုပ်ဆောင်ခဲ့ပြီး ၁၉၉၇-၉၈ ရာသီမှာ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးကာ ကလပ်အသင်းနဲ့အတူ သူ့ရဲ့ ပထမဆုံးရာသီအပြည့်မှာ ပါဝင်ခဲ့ပါတယ်။

ဝင်ဂါးဟာ အရည်အချင်းရှိကစားသမားတွေအတွက် ပြည်ပမှာ ကင်းထောက်တာအပါအဝင် လိမ္မာပါးနပ်တဲ့ အပြောင်းအရွှေ့ဗျူဟာကို ကြီးကြပ်ခဲ့ရင်း Hall of Fame မှာပါဝင်ခဲ့တဲ့ သီယာရီအွန်နရီနဲ့ ပက်ထရစ် ဗီအဲရာတို့ဟာ သူ့ရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်ပါတယ်။

“ဒါကို ဆာအဲလက်စ်နဲ့ မျှဝေရတာက ကျနော့်အတွက် ဂုဏ်ယူစရာပါပဲ”လို့ လက်ရှိ ဖီဖာရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြီးအကဲဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ် ဝင်ဂါးက ပြောပါတယ်။

"ဒါက လက်ဝှေ့သမား နှစ်ယောက်နဲ့ တူတယ် -- ရူးသွပ်စွာ တိုက်ခိုက်ရင်း ပြိုင်ပွဲတစ်ခုဆီ အတူတူ သွားကြတယ်၊ နေ့တစ်နေ့အဆုံးသတ်မှာ အပြန်အလှန်လေးစားမှု ရှိပြီး ဝိုင် ကောင်းကောင်း တစ်လုံးနဲ့ ကျနော်တို့ရဲ့ ရှေးဟောင်း အဖြစ်တနှစ် ပြိုင်ဆိုင်မှုတိုက်ပွဲတွေရဲ့ အမှတ်တရတွေ မျှဝေရင်း သူနဲ့ တွေ့ဆုံခွင့်အတွက် အခွင့်အရေးကြီးပါပဲ။"

ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချက် မာစတာစ်က မန်နေဂျာကြီး နှစ်ဦးဟာ သူတို့ရဲ့ ကလပ်အသင်းတွေထံဆီ "အနှိုင်းမဲ့ အောင်မြင်မှု အဆင့်တွေ"ကို ယူဆောင်လာခဲ့ကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။

”ဆာအဲလက်စ်ဟာ ပရီးမီးယားလိဂ် ၂၁ ရာသီ တစ်လျှောက် မယုံနိုင်လောက်စရာ ချန်ပီယံ ၁၃ ကြိမ်ရအောင် သူတို့ကို ဦးဆောင်ခဲ့အပြီး သူ့လက်အောက်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ကြီးစိုးမှုဟာ တုနှိုင်းမမီ ကျန်ရစ်ပါတယ်။"လို့ သူက ပြောပါတယ်။

မာစတာစ်က "အာစင်ဟာ သူ့ခေတ်သူ့အခါထက် ကောင်းမွန်တဲ့ ဆန်းသစ်တီထွင်သူတစ်ယောက်ပါ... ပြီးတော့ ရှုံးပွဲမရှိရာသီဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးအောင်မြင်မှုတွေထဲက တစ်ခုသာဖြစ်ရုံမကဘဲ ယေဘုယျအားဖြင့် အားကစားမှာပေါ့။"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required