မယ်စကြဝဠာပြိုင်ပွဲကို ဗုံးခွဲမည် အိုင်အက်စ်တို့ ခြိမ်းခြောက်မှုက တကယ်စိုးရိမ်စရာရှိကြောင်း ဖိလစ်ပိုင်ပြော

မယ်စကြဝဠာပြိုင်ပွဲကို ဗုံးခွဲမည် အိုင်အက်စ်တို့ ခြိမ်းခြောက်မှုက တကယ်စိုးရိမ်စရာရှိကြောင်း ဖိလစ်ပိုင်ပြော

မနီလာ၊ သြဂုတ် ၁၀ ။         ။ အိုင်အက်စ်နှင့် နွယ်စပ်သော အဖွဲ့တစ်ဖွဲ့က မယ်စကြဝဠာပြိုင်ပွဲအား ဗုံးခွဲမည်ဟု ခြိမ်းခြောက်ထားခြင်းသည် တကယ်စိုးရိမ်ရသည့် ခြိမ်းခြောက်မှုဖြစ်ကြောင်း ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းတာဝန်ရှိသူများက ပြောသည်။ သို့သော် လာမည့်နှစ်တွင် စီစဉ်ထားသည့် အဆိုပါ မယ်စကြဝဠာပြိုင်ပွဲအား ကျင်းပသွားဖို့ အသင့်ရှိနေကြောင်းလည်း အတည်ပြုဆိုသည်။

အိုင်အက်စ်ထောင်ခံသော လူမှုမီဒီယာချန်နယ်တစ်ခုကို အစွန်းရောက်စောင့်ကြည့်ရေး SITE ထောက်လှမ်းရေးအဖွဲ့ ခြေရာခံမိကာ ယင်းဆိုက်ပေါ်၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် မနီလာ၌ ကျင်းပမည့် အလှမယ်ပြိုင်ပွဲအား ရည်ညွန်း၍ မယ်စကြဝဠာပွဲအတွက် ဗုံးတီထွင်ရန် နည်းလမ်းကို ပြသသည့် ဗီဒီယိုအား ဖော်ထုတ်ခဲ့သည်။

သြဂုတ် ၈ ရက်တင်သည့် ယင်းဗီဒီယိုတွင် အသေခံဗုံးခွဲရန် ပေါက်ကွဲရေးခါးပတ် ပြုလုပ်ပုံကိုလည်း ပြသထားသည်။

“ဒါက တကယ်စိုးရိမ်ရမယ့် ခြိမ်းခြောက်မှုလို့ ကျွန်တော်တို့ တွက်တယ်။” ဟု ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းဌာနက ပြောသည်။ ၂၀၁၇ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲကို ဖိလစ်ပိုင်က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားသည်။

ဖိလစ်ပိုင် မြို့တော် မနီလာသည် ပြီးခဲ့သည့်နှစ်က ပုပ်ရဟန်းမင်းကြီး လာရောက်ချိန်တွင်လည်း ချောချောမောမော ဧည့်ဝတ်ပြုနိုင်ခဲ့သကဲ့သို့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းမှုညီလာခံသို့ တက်ရောက်လာသည့် ကမ္ဘာ့ခေါင်းဆောင်များအစည်းအဝေးကိုလည်း အောင်မြင်စွာကျင်းပထားနိုင်၍ ယခုမယ်စကြဝဠာပြိုင်ပွဲအတွက် ဧည့်သည်များ အများအပြားလာရောက်မှုအတွက်လည်း အဆင်သင့်ဖြစ်နေသည့် နိုင်ငံအဖြစ် မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required