မြောက်ကိုရီးယားက ပင်လယ်တွင်း ဖျက်အားပြင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားက ပင်လယ်တွင်း ဖျက်အားပြင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

ပြုံယမ်း၊ သြဂုတ် ၃ ။                 ။ မြောက်ကိုရီးယားနိုင်ငံသည် ပင်လယ်တွင်းသို့ နောက်ထပ် ဖျက်အားပြင်း ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

မြောက်ကိုရီးယားအရှေ့ဖက်ကမ်းရိုးတန်းတွင် ဒုံးကျည်ကို ပစ်လွှတ်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားစစ်ဖက်က ဆိုသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း ဒုံးကျည်ကာကွယ်ရေးစနစ် ထားရှိရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့ စီစဉ်လျက်ရှိသည့်အပေါ် မြောက်ကိုရီးယားက ကိုယ်ထိလက်ရောက်တုံ့ပြန်မည်ဟု ကြွေးကြော်ထားသည်။

မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားအစီအစဉ်နှင့် ဒုံးကျည်နည်းပညာများ လုပ်ဆောင်ခြင်းအား ကုလသမဂ္ဂက တားမြစ်ထားသည်။

သို့သော် ပြီးခဲ့သည့်လများအတွင်း မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။

ယခုပစ်လွှတ်မှုက မြောက်ကိုရီးယားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်လိုစိတ်ကို ပြသနေခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဖက်တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဒုံးကျည်သည် တာလတ်ပစ်ဒုံးကျည်အမျိုးအစားဖြစ်ပြီး အကွာအဝေး မိုင် ၆၂၀ အထိ ရောက်ရှိကြောင်း ၎င်းက ပြောသည်။

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မြောက်ကိုရီးယား၏ ယခုဒုံးကျည်ပစ်လွှတ်မှုက နိုင်ငံလုံခြုံရေးကို အကြီးအကျယ်ခြောက်လှန့်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required