ရွေ့ပြောင်းလုပ်သားများအတွက် စစ်တွေမှာ ရုံးဖွင့်

ရွေ့ပြောင်းလုပ်သားများအတွက် စစ်တွေမှာ ရုံးဖွင့်

စစ်တွေ၊ ဇူလိုင် ၂၉ ရက် ။               ။ ပြည်ပသို့ သွားရောက်မည့် ရွေ့ပြောင်းအလုပ်သမားများအတွက် လိုအပ်သော သတင်း အချက်လက်များကို စုဆောင်းပေးနိုင်ရန်နှင့်  ပြည်တွင်း   ရွေ့ပြောင်းလုပ်သားများ အတွက် အလုပ်အကိုင် ရှာဖွေပေးနိုင်ရန် ရွေ့ပြောင်းအလုပ်သမားများ ကူညီထောက်ပံ့ရေးဌာန (MRC) ရုံးကို စစ်တွေမြို့တွင် ဇူလိုင် ၂၉ ရက်က ဖွင့်လှစ်ခဲ့သည်။

MRC ကို ရွေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM နှင့် ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်မှ စတင်ကာ ဆောင်ရွက်လာခဲ့ခြင်း ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးများတွင် လည်းကောင်း၊ အပြည်အပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများတွင်လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်နေပြီး ဖြစ်ကာ ယခု ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ရုံးခွဲ ၁၂ ခု ရှိကြောင်း သိရသည်။

MRC စစ်တွေရုံးဖွင့်ပွဲ အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးအောင်က ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်နေကြသော   မြန်မာနိုင်ငံသား ရွေ့ပြောင်းများအနေနှင့် ၎င်းနိုင်ငံများ၏ ထုံးတမ်းစဉ်လာ၊ ဥပဒေနှင့် ယဉ်ကျေးမှုများကို လေ့လာပြီးမှသာ သွားရောက်သင့်ကြောင်း သတင်းမီဒီယာများက တဆင့် အကြံပြု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required