ပေါ့ပ်ဘာကို မန်ယူအသင်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် သဘောတူညီမှုရရှိပြီလို့ သတင်းများက ဖော်ပြ

ပေါ့ပ်ဘာကို မန်ယူအသင်း ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် သဘောတူညီမှုရရှိပြီလို့ သတင်းများက ဖော်ပြ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်က ဂျူဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ် ကစားသမား ပေါ့ပ်ဘာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေး ယူရိုသန်း (၁၂၀) နဲ့ ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

ဗုဒဟူးနေ့အစောပိုင်းက မန်ယူအသင်း တာဝန်ရှိသူတွေဟာ ပေါ့ပ်ဘာကို ခေါ်ယူနိုင်ဖို့အတွက် ဂျူဗင်တပ်စ်မှ တာဝန်ရှိသူများနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပေါ့ပ်ဘာဟာ မန်ယူအသင်းနဲ့  (၅) နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့ပြီး တစ်ပတ်လုပ်ခ အခွန်အပြီးအစီး ပေါင် (၂) သိန်း (၂) သောင်းကျော်ရရှိမယ်လို့ ပြင်သစ်သတင်းစားတစ်စောင်ဖြစ်တဲ့ L'Equipe က ဖော်ပြထားပါတယ်။

ပေါ့ပ်ဘာကို ယူရိုသန်း (၁၂၀)နဲ့ ခေါ်ယူမှု အောင်မြင်ခဲ့ပါက ၂၀၁၃ ခုနှစ်က ရီးယဲလ်မက်ဒရစ်ရဲ့ ဂါရတ်ဘေးလ်ကို ယူရိုသန်း (၁၀၀) ပေးခဲ့ရတဲ့ ပြောင်းရွေ့စံချိန်ကို ကျော်ဖြတ်သွားမှာဖြစ်ပါတယ်။

ပေါ့ပ်ဘာဟာ အစောပိုင်းတုန်းက ရီးယဲလ်အသင်းနဲ့ ချိတ်ဆက်ခဲ့ပြီး ပြောင်းရွှေ့ကြေးမှာ သဘောတူညီမှု မရခဲ့ပေမယ့် မန်ယူရဲ့ များပြားတဲ့ ကြေးကမ်းလှမ်းမှုကြောင့် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာရန် အသင့်ဖြစ်နေပါတယ်။

ပြင်သစ်ကွင်းလယ်လူဟာ မန်ယူအသင်းမှာ တစ်နှစ်လုပ်ခ ယူရို (၁၃) မီလီယံကို ရရှိမှာဖြစ်ပြီး လက်ရှိ ဂျူဗင်တပ်စ်မှာ ရတဲ့လစာနှုန်းရဲ့ သုံးဆနီးပါး ရှိတယ်လို့ Goal.com က ဖော်ပြထားပါတယ်။

မန်ယူအသင်းက ပေါ့ဘာကို အစောပိုင်းက ယူရိုသန်း (၁၀၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းက ယူရိုသန်း (၁၂၀)အထိ အလိုရှိနေတာကြောင့် ကနဦးကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

မန်ယူနဲ့ ပေါ့ပ်ဘာတို့ လက်မှတ်ထိုးဖြစ်ခဲ့ပါက မော်ရင်ဟိုလက်ထက် (၄) ဦးမြောက် ခေါ်ယူမှုဖြစ်လာမှာဖြစ်ပါတယ်။

အသက် (၂၃) နှစ်အရွယ်ရှိတဲ့ ပေါ့ပ်ဘာဟာ မန်ယူကစားသမားဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required