သစ်လုံး ၁၁၆ လုံးပါ သစ်ဖောင်စက်လှေ(၄)စီးကို မြန်မာ့ရေတပ်က မသင်္ကာ၍ စစ်ဆေးခဲ့

သစ်လုံး ၁၁၆ လုံးပါ သစ်ဖောင်စက်လှေ(၄)စီးကို မြန်မာ့ရေတပ်က မသင်္ကာ၍ စစ်ဆေးခဲ့
ပုံစာ - မြိတ်မြို့၊ ကုန်းဖောက်ရပ်ကွက် ဆိပ်ကမ်းတွင် သစ်ဖောင်စက်လှေများကို စစ်ဆေးနေစဉ်။ (ဓာတ်ပုံ- ညီညီ)

မြိတ်၊ ဇွန် ၃ ။             ။ သစ်လုံး ၁၁၆ လုံး(၁၄၆. ၃၆၆ တန်) ပါ သစ်ဖောင်စက် လှေ (၄) စီးကို မြိတ်မြို့ ကုန်းဖောက်ရပ်ကွက် ဆိပ်ကမ်းတွင် မြန်မာ့ရေတပ်က မသင်္ကာ၍ စစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းသစ်ဖောင်စက်လှေ(၄)စီးနှင့် သစ်လုံးများ သယ်ဆောင်မှုတွင် သစ်လုံးသယ်ဆောင်ခွင့် စာရွက်စာတမ်းများ ပါရှိခဲ့သော်လည်း စာရွက်စာတမ်းများ၌ ရုံးတံဆိပ်ရိုက်နှိပ်မထားခြင်း၊ ရက်စွဲများမပါခြင်း၊ သစ်လုံးများ၌ အသားတံဆိပ်များ မရှိခြင်းတို့ကြောင့် စစ်ဆေးခဲ့ရခြင်းဖြစ်သည်ဟု အဆိုပါ သစ်ဖောင်စက်လှေကို စစ်ဆေးခဲ့သည့် မြန်မာ့ရေ တပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သစ်လုံးတွေသယ်ဆောင်ခွင့် စာရွက်စာတမ်းမှာ သစ်တောဌာနရဲ့ စည်းတံဆိပ်မပါဘူး။ ပြီးတော့ မိတ္တူဖြစ်နေတယ်။ဒါကြောင့် တာဝန်အရ စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း အဆိုပါသစ်လုံးများသည် တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာ့သစ်လုပ်ငန်းပူးပေါင်း၍ တောင်ယာအတွင်း တရားမဝင်ခုတ်လှဲ ရှင်းလင်းထားသည့် သစ်များကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် ယာယီသစ်တောဦးစီးအရာရှိ ဦးအောင်ကျော်စိုးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ယင်းသစ်လုံးများသည် မိုးရာသီကာလရောက်ရှိလာပြီဖြစ်သဖြင့် တနင်္သာရီမှ ရေလွှတ်ရာ မြိတ်မြို့သို့ သယ်ဆောင်လာခြင်းဖြစ်ပြီး တိုင်းဒေသကြီးအဆင့်ဆင့်သို့ ခွင့်ပြုစာများ တင်ပြထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် မြိတ်သို့ ရောက်သည့်အခါတွင် လေလံတင်ရောင်းချနိုင်ရန်အတွက် လေလံတင်စီမံချက်ရေးဆွဲပြီး ညွှန်ကြားရေးမှူးရုံးသို့ တင်ပြကာ ခွင့်ပြုချက် ရရှိပါက ခရိုင်သစ်တောရုံးတွင် လေလံတင်ရောင်းချသွား မည်ဟုလည်း ၎င်းက ရှင်းလင်းသည်။

အဆိုပါသစ်လုံးများတွင် ကညင်သစ်များအများစုပါပြီး ၂၇.၄.၂၀၁၆ တောင်ဖရူးကြိုးပြင်၊ ရေဖြူချောင်းဖျား နှင့် သပြုချောင်းဖျားတဝိုက်မှ တရားမဝင်ခုတ်လှဲထားသည့်သစ်များကို ဖမ်းဆီးထားပြီး ယခုကဲ့သို့ တနင်္သာရီမြို့မှ မြိတ်မြို့သို့ ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required