၂၁ရာစုပင်လုံညီလာခံကိစ္စ အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် UNFC အဖွဲ့ ဆွေးနွေးမည်

၂၁ရာစုပင်လုံညီလာခံကိစ္စ အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် UNFC အဖွဲ့ ဆွေးနွေးမည်

ချင်းမိုင်၊ ဇွန် ၂ ။             ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျုးိများ ဖက်ဒရယ်ကောင်စီ (UNFC)၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၂ ရက် ညနေက ပဏာမအဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အစိုးရဘက်မှ ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဦးမိုးဇော်ဦးနှင့် ဦးကျော်လင်းဦး၊ DPN ကိုယ်စားလှယ်အဖြစ် ဦးထွန်းဇော်နှင့် ဗိုလ်ချုပ် စိုင်းထူး၊ ဦးဆန်အောင်တို့ သုံးဦးတို့ ဇွန်လ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးမည့် အကြောင်းကို အကြိုဆွေးနွေးခြင်းဖြစ်သည်။

“ကျနော်တို့လည်း DPN ကနေ ကြိုဆိုပါတယ်။ မနက်ဖြန်ဆွေးနွေးမယ့် အကြောင်း အသေးစိတ်တော့ မသိဘူး။ လောလောဆယ် ပဏာမအနေနဲ့ ဘယ်နှစ်ယောက် ဆွေးနွေးမလဲဆိုတာပါပဲ။   ဆွေးနွေးမယ့် အကြောင်းအရာက ၂၁ ပင်လုံကိစ္စ ဒါပါပဲ”ဟု DPNဘက်မှ ကိုယ်စားလှယ် ဗိုလ်ချုပ် စိုင်းထူးက သတင်းထောက်များကို ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းနှင့် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦး၊ ဦးကျော်လင်းဦးတို့ ကိုယ်စားလှယ် ၅ ဦးသည် ချင်းမိုင်မြို့သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required