ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည့် Dinosaurs Village (Journey to the Pangaea)

ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည့် Dinosaurs Village (Journey to the Pangaea)

ရန်ကုန်၊ ဇွန် ၂  ။                   ။ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် Dinosaurs Village: Journey to the Pangaea အမည်ရှိ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို ဒါရိုက်တာညိုမင်းလွင်မှ ရိုက်ကူးပုံဖော်သွားမည် ဖြစ်သည်။

ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ANANDA:RISE OF NOTRA အမည်ရှိ သိပ္ပံရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး ယခုအခါတွင် ဒုတိယမြောက် ဇာတ်ကားအဖြစ် Dinosaurs Village: Journey to the Pangaea ကို ရိုက်ကူးမည်ဖြစ်သည်။

Dinosaurs Village: Journey to the Pangaeaဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားသည် မြန်မာနိုင်ငံ အတွက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာဦးသတ္တဝါများ ပါဝင်မည့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်သည်။

ဒါရိုက်တာညိုမင်းလွင်က "ဒီကားက ကျွန်တော့အိပ်မက်တစ်ခုပါ။ ၁၉၉၃ခုနှစ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်တစ်ခုလည်းဖြစ်တယ်။ ရှုတင်ပြင်ပက ကျွန်တော့်ရဲ့အချိန်တွေ အားလုံးကို Dinosaurs Village နဲ့ ANANDA:RISE OF NOTRA ဇာတ်ကားပေါ်မှာ မြှုပ်နှံထားတယ်။ အချိန်ရှိသရွေ့ကျွန်တော ပြင်ဆင်မှုတွေ လုပ်တယ်။ ဒီဇာတ်ကား ရိုက်ချင်လို့ကို ကျွန်တော့ကို ကွိုင်ရှာတဲ့ ကျွန်တော့်သမီးနှစ်ယောက်လည်း ပါဝင်သရုပ်ဆောင်မှာပါ" ဟု ပြောပြသည်။

Dinosaurs Village: Journey to the Pangaea ရုပ်ရှင်ဇာတ်ကားတွင် ဒါရိုက်တာညိုမင်းလွင်၏ သမီးနှစ်ဦး ဖြစ်သည့် ရဲရင့်နှင်းဆီလွင်၊ ပန်တျာနှင်းဆီလွင်တို့ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့နှင့်အတူ စစ်လွန်းဝတီထက်နှင့်  ကြယ်စင်သန့်တို့လည်း ပါဝင်မည်ဖြစ်ကာ တခြားသရုပ်ဆောင်ကြီး ၆ဦးလည်း ပါဝင်မည် ဖြစ်သည်။

ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေး၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် Dinosaurs Village: Journey to the Pangaea ကို ရန်ကုန်မြို့အပြင် နယ်မြို့များတွင်လည်း သွားရောက် ရိုက်ကူးရန်စီစဉ်ထားပြီး သြဂုတ်လတွင် စတင်ရိုက်ကူးသွားမည် ဖြစ်သည်။

ဒါရိုက်တာ ညိုမင်းလွင်သည် လက်ရှိတွင် “လက်စားချေနတ်သမီး” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် ဖြိုးငွေစိုး၊ သြဘာ၊ သက်မွန်မြင့်၊ နန်းဆုဦးတို့နှင့်အတူ ရိုက်ကူးလျက်ရှိပြီး ၎င်း ရိုက်ကူးပုံဖော်လျက် ရှိသည့် ANANDA:RISE OF NOTRA  ဇာတ်ကား၏ ဇာတ်ဝင်ခန်းများမှ တစ်ချို့ကို မေလ ၃၁ရက်တွင် ပရိသတ်များ နှင့် စာနယ်ဇင်းမီဒီယာများကို ဂျန်းရှင်းစကွဲရှိ ရုပ်ရှင်ရုံ၌ မိတ်ဆက် ပြသခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required