ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း အထပ်မြင့်အဆောက်အအုံဆောက်လုပ်မှု မူဝါဒအတိုင်း လုပ်မလုပ် လွှတ်တော်စောင့်ကြည့်မည်

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း အထပ်မြင့်အဆောက်အအုံဆောက်လုပ်မှု မူဝါဒအတိုင်း လုပ်မလုပ် လွှတ်တော်စောင့်ကြည့်မည်
ပုံစာ - ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အထပ်မြင့်အဆောက်အဦ (ယခုမြန်မာပလာဇာ) ဆောက်လုပ်စဉ်။  ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မေ ၃၀ ။              ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နမိတ်အတွင်း အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်မှုနှင့် ပတ်သက်၍ မူဝါဒအတိုင်း တိတိကျကျ လုပ်မလုပ် လွှတ်တော်က စောင့်ကြည့်နေမည်ဟု ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းက ပြောကြားလိုက်သည်။

မေ ၃၀ ရက်က တိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းဝေးတွင် မြေအသုံးချမှုဇုန်များ သတ်မှတ်ခြင်းနှင့် အထပ်မြင့်အဆောက်အဦ ကန့်သတ်ခြင်းဆိုင်ရာမူဝါဒ အသစ်များ ပြန်လည်သတ်မှတ်ခြင်းအတွက် တိကျသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်များ ထုတ်ပြန်ပေးရန် တိုက်တွန်းကြောင်းအဆို တင်သွင်းစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အထပ်မြင့်အဆောက်အဦး မဆောက်သင့်တဲ့ဇုန်တွမှာ ဆောက်ထားတဲ့ ကိစ္စတွေကို တိတိကျကျနဲ့ ပြန်လည်ပြီးတော့ အခု လက်ရှိ ဆောက်ထားတဲ့နေရာမှာပဲ ရပ်မှာလား၊ သူတို့တင်ပြထားတဲ့အထိ ဆောက်လုပ် ခွင့်တွေပေးမှာလား ဆိုတာကို တိတိကျကျနဲ့ စည်ပင်သာယာရေး ဥပဒေကနေ ရေးစွဲထားတဲ့ မူဝါဒတွေ အတိုင်း ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးမပေးကို ကျွန်မတို့ လွှတ်တော်ကနေ စောင့်ကြည့်သွားမှာ ဖြစ်တယ်"လို့ ဒေါ်စန္ဒာမင်းက လွှတ်တော်မှတဆင့် ရန်ကုန်တိုင်းစည်ပင်သာယာရေးဝန်ကြီးကို ပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အထပ်မြင့် အဆောက်အဦ ကိစ္စများနှင့် ပတ်သက်ပြီး အထပ်မြင့် အဆောက်အဦ ကန့်သတ်ခြင်းဆိုင်ရာ မူဝါဒကို ကျော်လွန်၍ အကြောင်း အမျိုးမျိုးပြကာ ခွင့်ပြုမိန့်များပေးခဲ့သည့်အတွက် ပြည်သူများက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအပေါ် ယုံကြည်မှု ကျလာသည် ကို တွေ့မြင်နေရကြောင်းလည်း ၎င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ခွင့်မရှိဘဲ ရန်ကုန်မြို့၏ နေရာအနှံ့အပြားတွင် ဆောက်လုပ်နေဆဲဖြစ်သော အထပ်မြင့်အဆောက်အဦ ဆောက်လုပ်ခွင့် တင်ထားခြင်းကို အစိုးရသစ် လက်ထက်တွင် ဆောက်လုပ်ခွင့်များ ဆက်လက်ခွင့်ပြုမည် မပြုမည်ကို ဆုံးဖြတ်ရန်အတွက် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ တိကျသေခြာစွာ ထုတ်ပြန်ပေးနိုင်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

၎င်း၏ အဆိုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက "လွှတ်တော်က ပြဌာန်းထားတဲ့ ဥပဒေအတိုင်းသာ ကျွန်တော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လိုက်နာရပါတယ်။ အဲဒီလို လိုက်နာအတွက် နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေလည်း ရှိပြီးသား ဖြစ်ပါတယ်။ အခု မူအားဖြင့် သဘောတူထားတဲ့ အထပ်မြင့် အဆောက်အဦတွေ ဆောက်လုပ်ဆဲ လုပ်ငန်းတွေကိုလည်း လုပ်ထုံးလုပ်နည်းများနဲ့ ကိုက်ညီခြင်းရှိမရှိ ဆက်လက်စစ်ဆေးနေပါတယ်။ အဲဒီအတွက် အမိန့်ထုတ်ပြန် ပေးရန်ဆိုတာကလည်း ရှိတဲ့အမိန့်အတိုင်း သတ်သတ်မှတ်မှတ် ဆက်လက်ဆောင်ရွက်နေပါတယ်။ အစိုးရ အဖွဲ့အနေနဲ့ လွှတ်တော်က သတ်မှတ်ထားတဲ့ ဥပဒေ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆောင်ရွက်နေပါတယ်" ဟု ပြန်လည်ပြောကြားခဲ့သည်။

တိုင်းဒေသကြီး စည်ပင်ဝန်ကြီးက ယင်းသို့ ပြန်လည်ပြောကြားခဲ့သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားအားမေးမြန်းရာ အဆိုရှင် ဒေါ်စန္ဒာမင်းက အဆိုအား လွှတ်တော်က မှတ်တမ်းတင်ထားရန်သာ တင်ပြခဲ့သည့်အတွက် လွှတ်တော်တွင် လက်ခံဆွေးနွေးမည်မဟုတ်ဘဲ မှတ်တမ်းတင်ထားကြောင်း ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required