ရန်ကုန်ယူနိုက်တက်နှင့်ပွဲတွင် ရတနာပုံနည်းပြ ရီနီ ပြန်လည်ကိုင်တွယ်မည်

ရန်ကုန်ယူနိုက်တက်နှင့်ပွဲတွင် ရတနာပုံနည်းပြ ရီနီ ပြန်လည်ကိုင်တွယ်မည်

မေ ၂၈၊ ရန်ကုန်။            ။ ဇွန်လ ၁၂ရက်တွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၃)အဖြစ် ဇွန်လ ၁၂ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်း အိမ်ကွင်း၌ကစားရမည့် ရန်ကုန်-ရတနာပုံပွဲကို ပွဲပယ်ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသည့် ရတနာပုံအသင်း နည်းပြချုပ် ရီနီပြန်လည်ကိုင်တွယ်မည်ဖြစ်သည်။

ရီနီမှာ ဟံသာဝတီနှင့်ပွဲတွင် ကွင်းအတွင်း ဟံသာဝတီကစားသမားများနှင့် အချင်းများမှုဖြစ်ပွားခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရသလို နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

'' ရီနီက ရန်ကုန်နဲ့ပွဲမှာ ကွင်းအတွင်း ပြန်ကြီးကြပ်လို့ရပါပြီ။ ဒီပွဲက နှစ်သင်းစလုံးအတွက်အရေးပါတဲ့ပွဲဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ဆိုရင် ရန်ကုန်နှင့်ပွဲမှာ အမှတ်ဆုံးရှုံးလို့မဖြစ်ပါဘူး။ ကစားသမားတွေအားလုံး ဒီပွဲအတွက် ကြိုးစားကစားကြမှာပါ'' ဟု ရတနာပုံအသင်းလက်ထောက်နည်းပြ ဦးဇော်လေးအောင်ကပြောသည်။

ရန်ကုန်ယူနိုက်တက်နှင့်ရတနာပုံအသင်းတို့မှာ မြန်မာနေရှင်နယ်လိဂ်သမိုင်းတစ်လျှောက် ၁၃ကြိမ်တွေ့ဆုံဖူးပြီး ရန်ကုန်က လေးပွဲနိုင်၊ ရတနာပုံက သုံးပွဲနိုင်ပြီး ခြောက်ပွဲသရေကျထားသည်။ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့မှာ မြန်မာနေရှင်နယ်လိဂ်သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ဘက်များဖြစ်ပြီး တွေ့ဆုံသည့်ပွဲစဉ်တိုင်းပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required