ကချင်ပြည်နယ်တွင်း သဘာဝသယံဇာတအရင်းအမြစ်ဆိုင်ရာ မူဝါဒများ ချမှတ်

ကချင်ပြည်နယ်တွင်း သဘာဝသယံဇာတအရင်းအမြစ်ဆိုင်ရာ မူဝါဒများ ချမှတ်

ချင်းမိုင်၊ မေ ၂၆ ။               ။ ကချင်ပြည်နယ်ရှိ သဘာဝ သယံဇာတ အရင်းအမြစ်များကို တူးဖော်ခွင့်၊ ထိန်းသိမ်းကာကွယ် စီမံရေးဆိုင်ရာ မူဝါဒများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲရန် အပါအဝင် သဘောဝသယံဇာတ အရင်းအမြစ် တိုးတက်ဖွံ့ဖြိုးရေးမူဝါဒ လမ်းညွန်ချက် ၇ ချက်ကို ကချင်ပါတီများက ချမှတ်လိုက်သည်။

မေလ ၂၄ ရက်နှင့် ၂၅ ရက်များတွင် မြစ်ကြီးနားမြို့ရှိ ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးကော်မတီမှ ဦးဆောင် ကျင်းပသည့် ပထမအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲအပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကော်မတီတွင် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန် ရက်ပါတီ(KNCD)နှင့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP)ပါတီတို့ ပါဝင်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အချိန်နှင့် ယုံကြည်မှု တည်ဆောက်နေသော ကြားကာလအတွင်း အကြီးစား စီမံကိန်းများနှင့် သယံဇာတ တူးဖော်ရေးစီမံကိန်း လုပ်ငန်းများရပ်ဆိုင်းထားရန် ပါဝင်သည်။

၎င်းတို့ ၃ ပါတီအနေဖြင့် ဆွေးနွေးကာ ချမှတ်ထားသည့် မူဝါဒများကို ကဏ္ဍအသီးသီးသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ပြီး ပထမဆုံးအနေဖြင့် ပြည်နယ် လွှတ်တော်သို့ တင်ပြဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ(KDP)မှ တွဲဘက်အတွင်းရေးမှူး ၁ ဦးဂျော်ဆန်းနော်က ပြောသည်။

“တခါတလေ ဗဟိုအစိုးရဖြစ်ဖြစ်၊ ပြည်နယ်အစိုးရဖြစ်ဖြစ် အလျော့အတင်းလေးတွေတော့ ရှိတယ်ပေါ့ဗျာ။ ပိုပြီးတော့ ခိုင်ခိုင်မာမာနဲ့ အာမခံချက်ရှိရှိနဲ့ လုပ်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံမှာ အတိအကျ ထည့်သွင်းရေးဆွဲထားခြင်းအားဖြင့် ပိုပြီးမှ အားလုံးအတွက် ရေရှည်အကျိုးကို ဖြစ်စေတယ်”ဟု  ဦးဂျော်ဆန်းနော်က ပြောသည်။

ကချင်ပြည်နယ် အစိုးရသည် သဘာဝ သယံဇာတ အရင်းအမြစ်နှင့်ပတ်သက်၍ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်၊ ထိန်းသိမ်းခွင့်၊ ဥပဒေပြုခွင့်ရှိရန်၊ သဘာဝ သယံဇာတ အရင်းအမြစ်မှ ရရှိသော အခွန်ဘဏ္ဍာကို ပြည်နယ်အစိုးရမှ ပြည်ထောင်စု(ဗဟို)အစိုးရသို့ ခွဲဝေပေးသောစနစ်ကို ကျင့်သုံးရမည်ဟု ချမှတ်ထားသည်။

လက်ရှိ သဘာဝ သယံဇာတ အရင်းအမြစ်မှ တူးဖော်ရရှိသည့် ဘဏ္ဍာငွေများသည် ပြည်နယ်အစိုးရထံသို့ မရောက်ဘဲ ဗဟိုချုပ်ကိုင်များ များပြားနေခြင်းကြောင့် အခြေံအားဖြင့် ဖက်ဒရယ်စနစ် ကျင့်သုံးပါက ြ ထိန်းသိမ်းပိုင်ခွင့်၊ အခွန်ကောက်ခံခွင့်၊ စီမံခန့်ခွဲခွင့်များသည် ပြည်နယ်အစိုးရတွင် အဓိက တာဝန်ရှိသည်ဟု ဦးဂျော်ဆန်းနော်က ပြောသည်။

“သယံဇာတ အရင်းအမြစ်က တူးဖော်ရရှိတဲ့ ဘဏ္ဍာငွေတွေက ပြည်နယ်အစိုးရထဲမှာလည်း မရောက်ဘူးလေ။ ဖက်ဒရယ်ကို အခြေခံတယ် ဆိုရင် အခွန်ကောက်တာကအစ စီမံခန့်ခွဲတာကစ၊ လိုင်စင်ချပေးတာကအဆုံးပေါ့လေ။ ဒါက ပြည်နယ် အစိုးရတွေ တာဝန်ရှိရှိနဲ့ လုပ်သင့်တယ်လို့ ကျနော်တို့ မြင်တယ်လေ”ဟု သူက ပြောသည်။

လက်ရှိ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် နှစ်စဉ် ရေကြီး ရေလျှံမှုများ၊ မြေပြိုသဖြင့် ရေမဆေးရှာသူများ ရာနှင့်ချီသေဆုံးခြင်း၊ မြစ်ဆုံစီမံကိန်း ပြန်လည် တည်ဆောက်လာမည်ကို လူထု၏ စိုးရိမ်မှုများ ရှိနေသဖြင့် သဘာဝ သယံဇာတ အရင်းအမြစ်၊ လူထုအကျိုးစီးပွားနှင့် တစ်နိုင်ငံလုံး အမျိုးသား အကျိုးစီးပွားကာကွယ်ရန် ရည်ရွယ်၍ အဆိုပါ မူဝါဒများ ချမှတ်ခြင်း ဖြစ်သည်ဟု ဦးဂျော်ဆန်းနော်က ဆက်လက် ပြောဆိုသည်။

“ဘာဘဲဖြစ်ဖြစ်။ ဒေသခံတွေရဲ့ စိုးရိမ်ချက်တွေ၊ နစ်နာမှုတွေ ဖြစ်လာတဲ့အခါကြတော့ ဒါတွေကို ကာကွယ်ဖို့ လိုအပ်တယ်ဆိုပြီး ဒါကို တာဝန်ယူ၊ တာဝန်ခံမှု ပွင့်ပွင့်လင်းလင်း ပိုပြီးရှိအောင် ကျနော်တို့ သယံဇာတကို ကာကွယ်အောင် အခြေခံမှုတွေကို သေသေချာချာချာ ဆွေးနွေးချမှတ်ပြီးတော့ အကောင်အထည် ဖော်သင့်တယ်ဆိုပြီး စုစည်းလာတာပေါ့နော်”ဟု သူက ပြောသည်။

ဖားကန့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း၊ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားရန် အပါအဝင် ဟူးကောင်းချိုင့်ဝမ်းရှိ မြေယာများ သိမ်းယူမှုများ အများအပြားတွင် ပဋိပက္ခ ဖြစ်ပွားနေသဖြင့် လွှတ်တော်တွင်း/ပြင်ပ လူထုဆွေးနွေးပွဲများတွင် အဆိုပါ မူဝါဒများအား ချပြရန် လိုအပ်နေပြီဟု သူက ဆိုသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း လူမှု ပဋိပက္ခများ၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားခြင်း၊ အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းသည် အဓိကအားဖြင့် သဘာဝ သယံဇာတ အရင်းအမြစ်ပေါ်မှာ အခြေခံ၍ ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်ဟု သူက ဆိုသည်။

“အခုဖြစ်နေတဲ့ လူထုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ကြုံတွေ့နေရတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှုကအစ ကျနော်တို့ ပဋိပက္ခတွေ ဒါတွေလည်း ချုပ်ငြိမ်းဖို့ လိုတဲ့အနေအထားမှာ ဝိုင်းပြီးတော့ ခုနလို အခြေခံ မူလေးချပြီးတော့ အားလုံး ကြိုးစားရင်တော့ ဒါတွေ တားဆီးကာကွယ်နိုင်ပြီးတော့အကျိုးရှိမယ်လို့ ကျနော်တို့ ပါတီတွေက ချမှတ်တာပါ”ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။

ကချင်နိုင်ငံရေးပါတီများသည် ဖက်ဒရယ်စနစ်ကို အခြေခံ၍ ဒေသခံလူထု၏ ပူးပေါင်းပါဝင်မှု၊ ရေရှည်အကျိုးစီးပွားကို ဦးစားပေးလုပ်ဆောင်ရန်နှင့် အကောင် အထည် ဖော်လုပ်ဆောင်မည့် စီမံကိန်းတိုင်းတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု အပြည့်အအဝ ရှိရန်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား အကျိုးစီးပွားကို ထိခိုက်နစ်နာစေနိုင်သော သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်လုပ်ကိုင်နေသော စီမံကိန်းကို နိုင်ငံရေးအရ သဘောထားတူညီမှုကို ကြိုတင်ရယူခြင်းနှင့် ပြည်သူများကို အသိပေး သဘောထားရယူပြီးမှ အကောင်အထည် ဖော်လုပ်ဆောင်ရန်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း ပြည်ပနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမှ ဒေသခံပြည်သူများ၏ သဘောထားကို ကြိုတင်ရယူပြီးမှသာလျှင် လုပ်ဆောင်ရန်တို့ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်သူလူထု၏ ဆန္ဒအရ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ(KSDP)၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန် ရက်ပါတီ(KNCD)နှင့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP)ပါတီများ ပေါင်းစီ၍ ပါတီတစ်ခုတည်း ဖွဲ့စည်းရန် မကြာသေးမီက မူအားဖြင့် သဘောတူညီထားသည်။ ၎င်းပါတီများ၏ ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် သဘာဝ သယံဇာတအရင်းမြစ်ဆိုင်ရာ မူဝါဒများကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags