လယ်သမားတွေ ငွေကိုလွယ်လွယ်သုံးပြီး တိုးတက်အောင်တော့ မလုပ်ဘူးလို့ လယ်/ဆည်ဝန်ကြီး ဝေဖန်

လယ်သမားတွေ ငွေကိုလွယ်လွယ်သုံးပြီး တိုးတက်အောင်တော့ မလုပ်ဘူးလို့ လယ်/ဆည်ဝန်ကြီး ဝေဖန်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၂၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လယ်သမားများသည် မိမိတို့ လယ်ယာမြေကို တိုးတက်အောင် လုပ်ဆောင်ချင်စိတ် မရှိကြဘဲ ငွေကြေးကို အတိုးဖြင့် ချေးယူကာ အလွယ်တကူ သုံးစွဲနေကြသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဝေဖန်ပြောဆိုလိုက်သည်။

"လယ်သမားများဟာ ငွေတိုးချေးတယ်။ အလွယ်တကူသုံးတယ်။ မိမိရဲ့ လယ်ယာမြေကို တိုးတက်အောင် ဆောင်ရွက်ချင်တဲ့ စိတ်ဓာတ်တွေ မရှိပါဘူး" ဟု ဒေါက်တာအောင်သူက မေလ ၂၃ရက်တွင် ပြောသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ်ချေးငွေအတွက် ကျပ်ငွေ ၅၀၀ ဘီလီယံအား နိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူသုံးစွဲမည့် ကိစ္စအပေါ် လွှတ်တော်အမတ် ၁၇ဦးက ပြည်ထောင်စုလွှတ်တော်တွင် အကြိတ်အနယ်ဆွေးနွေးကြပြီးနောက် ဒေါက်တာအောင်သူက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လယ်သမားများ ငွေတိုးချေးကာ လွယ်လွယ်သုံးပြီး တိုးတက်အောင် ဆောင်ရွက်လိုစိတ်မရှိဟု လယ်/ဆည်ဝန်ကြီးက ပြောဆိုလိုက်သော်လည်း လယ်သမားအများစုမှာ အစိုးရက စိုက်စရိတ်ချေးငွေထုတ်ချေးမှု နောက်ကျသဖြင့် ပြင်ပတွင် အတိုးနှုန်းကြီးစွာ ချေးယူကြရပြီး စိုက်ပျိုးစရိတ်အဖြစ် သုံးစွဲနေကြရသည်ဟု လွှတ်တော်အမတ်တို့က
ပြောဆိုကြသည်။

ချေးငွေကိစ္စအပေါ် လွှတ်တော်အမတ်များစုက ထောက်ခံဆွေးနွေးကြသလို အမတ်အချို့ကမူ လယ်သများများအား ထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ်မှာ အချိန်နောက်ကျခြင်းကြောင့် လယ်သမားများမှာ
ပြင်ပတွင် အတိုးနှုန်းကြီးမြှင့်စွာ ချေးယူနေရသဖြင့် နစ်နာနေရသည်ဟု ထောက်ပြဆွေးနွေးမှုများလည်း ရှိခဲ့သည်။

"အချိန်(စိုက်ပျိုးချိန်)ရောက်လို့ ချေးငွေမထုတ်ရသေးဘူးဆိုရင်တော့ ရပ်တွေ၊ ရွာတွေမှာရှိတဲ့ သူဌေးတွေဆီကို အပြေးကပ်ပြီးတော့ ချေးကြ၊ ငှားကြရတာလည်း သူတို့တွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းပါပဲ။ ရွှေတို၊ ရွှေစကလေးများကလည်း စိုက်ပျိုးစရိတ်ချေးငွေမရသေးဘူးဆိုလို့ရှိရင် အပေါင်ဆိုင်ကို အပြေးအလွှားရောက်ကြရတာပါပဲ။ အဲ့ဒီလို ချေးယူရတဲ့အခါ
၅ကျပ်တိုး၊ ၆ကျပ်တိုးမှ ၂၀တိုးအထိ အတိုးကြီးကြီးပေးရတဲ့ဘဝတွေ ဖြစ်ပါတယ်" ဟု စိုက်စရိတ်ချေးငွေထုတ်ချေးမှု နောက်ကျရသည့်အပေါ် အမတ်တစ်ဦးက ဝေဖန်သည်။

မိုးစပါးစိုက်တောင်သူအများစုသည် မေလ သို့မဟုတ် ဇွန်လအတွင်း လုပ်ငန်းခွင်ဝင်ကြရသည့်အတွက် စိုက်ပျိုးစရိတ်ချေးငွေအား ဧပြီလကုန်ပိုင်းတွင် ထုတ်ချေးပေးသင့်သည်ဟု ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေကိုက
လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ လယ်သမားကြီးတစ်ဦးကမူ ၎င်းတို့အနေဖြင့် ဇူလိုင်လမှသာ စိုက်ပျိုးစရိတ်ချေးငွေအား မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ထုတ်ချေးပေးသည်ဟု မဇ္ဈိမကို ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူခွင့်နှင့် ပတ်သက်ပြီး တပ်မတော်သားအမတ် ဗိုလ်မှူးကြီး မြင့်ဆွေက ဆွေးနွေးရာတွင် လယ်သမားများအား စိုက်စရိတ်ချေးငွေ ထုတ်ချေးပေးခြင်းသည်ရည်ရွယ်ချက်ကောင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သော်လည်း ချေးငွေများ အမှန်တစ်ကယ် စိုက်ပျိုးသူများလက်သို့ အပြည့်အဝ
အချိန်မီရောက်ရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသုံးစွဲရေး၊ စိုက်ပျိုးသီးနှံပေါ်သည်နှင့် ပြန်ဆပ်ရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် စီမံသင့်ကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။

စိုက်ပျိုးစရိတ်ချေးငွေအတွက် ကျပ်ငွေ ဘီလီယံ ၅၀၀အား ဗဟိုဘဏ်မှ ချေးယူခွင့်နှင့်ပတ်သက်ပြီး ကန့်ကွက်သူမရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

အစိုးရအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေအဖြစ် လယ်တစ်ဧလျှင် တစ်သိန်းနှုန်း ထုတ်ချေးပေးခဲ့ရာမှာ ယခုနှစ်တွင် စိုက်ပျိုးစရိတ်အဖြစ် တစ်ဧလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် စတင်ထုတ်ချေးပေးမည် ဖြစ်သည်။ သို့သော် ၁၀ဧကအထက် လယ်ပိုင်ဆိုင်သူများမှာ စိုက်ပျိုးစရိတ်အဖြစ် ၁၀ဧကအထိသာ ချေးယူခွင့်ရရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required