ရန်ကုန်၊ ဇူလိုင် ၃ ။ ။ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့သင်းရှုးကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဦးစောဂျော်နီ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းသည် လူမှုရေးကိစ္စ၊ ပါတီနိုင်ငံရေးကိစ္စ မည့်သည့်ကိစ္စဖြင့် ပတ်သက်၍ ဖြစ်ပွားသည် ဆိုခြင်းကို စုံစမ်းနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်ကဆိုသည်။
NLD ရပ်ကျေးဥက္ကဌ ဦးစောဂျော်နီသည် ဇူလိုင် ၁ ရက် ညက အမည်မသိ သေနတ်သမားများ ပစ်ခတ်သည့် ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်းဖြစ်သည်။
ဦးဝင်းမြင့်က “ အသက်ခံရတာ ဘာလို့သတ်လဲမသိသေးဘူး။ ကိုယ်ရေးကိုယ်တာကိစ္စလား။ နိုင်ငံရေးကိစ္စလား အခြားဘာကိစ္စ လည်းမသိသေးဘူးလေ။ သတ်တာ ဘယ်သူဘယ်ဝါမသိသေးတော့ ဘယ်လိုမှ ပြောလို့ မရသေးဘူး။ ”ဟုပြောသည်။
ရပ်ကျေးဥက္ကဌ ဦးစောဂျော်နီ အသတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်ပွားပုံ၊ ဖြစ်ပွားသည့် အကြောင်းရင် ကိစ္စ၊ ဖြစ်ရပ်များ ပါဝင်သည့် အစီရင်ခံစာကို ပြည်နယ်ဥက္ကဌ၊ မြို့နယ်ဥက္ကဌများထံမှ တောင်းခံထား သည်ဟု ၎င်းကပြောကြားသည်။
ပါတီနိုင်ငံရေးနှင့်ပတ်သက်၍ အသတ်ခံခြင်းဖြစ်ပါက ဗဟိုကော်မတီ အဖွဲ့ဝင်များ တိုင်ပင်ဆွေးနွေး၍ စည်းဝေးဆုံးဖြတ်သွား မည်ဖြစ်သည်ဟု လည်း၎င်း ကဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် စိုးမင်းအောင်က “ အခုကတော့ အမှုဖွင့်ထားပြီး ဒီနေ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးပြီးသွားပါပြီ။ ဒီနေ့ သဂြိုလ်ပါတယ်။ လိုက်ပြီး စုံစမ်းထောက်လှမ်း တာတွေလုပ်နေပါတယ် ”ဟုပြောသည်။
အဆိုပါအမှုကို လူသတ်မှု ပုဒ်မ ၃၀၂ (ပ) ၃၉ /၂၀၁၅ ဖြင့် အမှုဖွင့်စုံစမ်းနေသည်ဟုလည်းဒုရဲအုပ် စိုးမင်းအောင်က ဆက်လက်ပြောကြားသည်။ လက်ရှိတွင်မူ ဆရာဝန်၏ ဆေးစစ်ချက်ကိုမရသေးဟုလည်း ၎င်းကဆိုသည်။