စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ယောက္ခမနေအိမ် ဗုံးဖောက်ခွဲခံရ

By YT (မဇ္ဈိမ)
13 December 2023
စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ယောက္ခမနေအိမ် ဗုံးဖောက်ခွဲခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နန်းခဲရပ်ကွက်ရှိ စစ်ကောင်စီ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ယောက္ခမ နေအိမ်ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘုံကျောင်းလမ်းရှိ ဦးမြင့်ဆွေ၏ ယောက္ခမဖြစ်သူ ဒေါ်ကျင်တင့်၏ နေအိမ်အရှေ့သို့ အမည်မသိလူနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ခြံဝင်းအတွင်းသို့ ဗုံးသီး ပစ်ထည့်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ လူနှစ်ယောက် လာပစ်သွားတယ်လို့တော့ ပြောနေတာပဲ။ အသံက တော်တော်လေးကျယ်တယ်။ လူထိ ခိုက်တယ်တော့ မကြားမိဘူး။ အရင်တည်းက အဲဒီအိမ်က အမြဲလိုလိုပိတ်ထားတာ” ဟု သထုံဒေသခံတဦး က မဇ္ဈိမကိုပြောသည်။ 

ဗုံးသီးသည် ခြံတံခါးအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ခြံတံခါးနှင့် အုတ်တံတိုင်းများ ပျက်စီးမှုရှိ သော်လည်း လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဦးမြင့်ဆွေ၏ ယောက္ခမနေအိမ်အား ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ စစ်ကောင်စီက KNU ၊ PDF များ ပြုလုပ် ခဲ့သည်ဟုဖော်ပြသော်လည်း မဇ္ဈိမအနေဖြင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် သထုံခရိုင် PDF တာဝန်ခံထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဗုံးဖောက်ခွဲခံရအပြီးတွင် အဆိုပါအိမ်သို့ စစ်ကောင်စီက ကားနှစ်စီးဖြင့် ရောက်လာပြီး အနီးပတ်ဝန်းကျင် မှဒေသခံများကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကာ သထုံမြို့ပေါ်လမ်းဆုံအချို့၊ သထုံအကျဉ်းထောင် အနီး၊ သထုံမြို့အဝင်၊ အထွက်နေရာများတွင် ဆိုင်ကယ်များကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်တူးဘောက် (Tool Box)တွေ ဖွင့်ခိုင်းတာ။ ကားတွေကို မစစ်ဘူး အဓိက ဆိုင်ကယ်ပဲ။ သတင်း ထွက်တာကလည်း ဆိုင်ကယ်နဲ့လာလုပ်တယ်ပဲ သတင်းထွက်တာ။ အရင်နေ့က ဆိုင်ကယ်နှစ်ယောက်စီး တာတောင် နည်းနည်းခွင့်ပြုသေးတယ်၊ အဲဒါဖြစ်ပြီးကတည်းက ဆိုင်ကယ်နှစ်ယောက်စီးတာနဲ့ ဆင်း၊ ဖွင့်ပဲ။ ဘယ်နေရာတွေမှာ စစ်လည်းဆိုတော့ မီးပွိုင့်နားတွေ၊ ဈေးရှေ့၊ အဝင်အထွက်တွေမှာ စစ်တာ” ဟု သထုံမြို့မှ ဆိုင်ကယ်ကယ်ရီမောင်းသူတဦးက ပြောသည်။

စစ်ထောက်ချုပ်ဟောင်းတဦးဖြစ်ခဲ့ဖူးသည့် ဦးမြင့်ဆွေသည် ပြီးခဲ့သည့် အစိုးရလက်ထက်က ဒု-သမ္မတ အဖြစ်တာဝန်ယူခဲ့ပြီး အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ယာယီသမ္မတဖြစ် လာခဲ့သူဖြစ်သည်။

စာတည်း။  ။စောဖေ
#မွန်ပြည်နယ်
#သထုံမြို့
#ယာယီသမ္မတဦးမြင့်ဆွေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required