နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၁ ဒီဇင်ဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၁ ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျေးရွာတစ်ရွာမှာ ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း အသစ်ကို မြို့နယ်အဖွဲ့အစည်းများက သွားရောက်ပြီးတော့ ထောက်ပံ့ကူညီမှုများပြုလုပ်ခဲ့ ကြကြောင်း အရာတော် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေး ရာကော်မတီနှင့် မြန်မာအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကွန်ရက် (MWPN) တို့အကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာ ၉ ရက်မှာ ဗီဒီယိုကွန်ဖရင့်ကနေ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တို့မှာရှိသည့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက် ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် မြန်မာအမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များကွန်ရက် (MWPN) နှင့်တွေ့ဆုံ၍ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ် များတွင်ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၉ ရက်နေ့က ဒုတိယအကြိမ် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မြဝတီမြို့ကို ဆက်သွယ်ထား သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကို ထိန်းချုပ်လိုက်ကြောင်း ဒီဇင်ဘာလ ၁၀ ရက် နေ့က ကျားသစ်နက်စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ကညနရုံးနှင့် မြန်မာ့စီးပွား ရေးဘဏ်တို့ကိုတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိသွားကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ဘေးရှောင်ရင်း ကလေးများအား စာသင်ပေးနေသည့် CDM ကျောင်းအုပ်ဆရာမကြီးတစ်ဦး ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ကြာပိုင်ကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့၍ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများမှ “ငါတို့အနာဂတ်ဖြစ်တဲ့ ကလေးတွေမှာ - အိမ် မရှိဘူး၊ ကျောင်းမရှိဘူး၊ ဗုံးခိုကျင်းတွေနဲ့ ကယ်ဆယ်ရေးစခန်း တွေသာရှိတယ်။” ဆိုသည့် ဘန်နာစာသားကိုကိုင်စွဲကာ အာဏာရှင်စနစ်ကျရှုံးရေး လူထုသပိတ်တိုက်ပွဲကို ပြုလုပ်ခဲ့ကြသည်။ 

  • ပဲခူးတိုင်း၊ မုန်းမြို့နယ်၌ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီ တပ်သားများအား နွေးထွေးစွာကြိုဆိုပေးမှုအပေါ် ကျေးဇူးတင်ကြောင်း လက်နက်ချရာတွင် ဦးဆောင်ခဲ့ သည့် ခလရ(၈၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်လက်ခိုင်က ပြောသည်။ 

  • ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင်အိမ်ယာအနီးရှိ ပြည်ခိုင်ဖြိုးပါတီသည် ပျူစောထီးနှင့် အရပ်ဝတ်အသွင်ယူသူများ စုဝေးရာနေရာဖြစ်၍ စစ်ရေးအဖြစ်သတ်မှတ်ကာ ယနေ့(ဒီဇင်ဘာ ၁၁)နေ့လယ်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့က အသိပေးခဲ့သည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ကျေးရွာများမှ ရိက္ခာများ အဓမ္မယူဆောင်ရန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ၁နာရီခန့်ကြာ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများက ပြောသည်။ 

  • အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်ကောင်ရှိ Time Square ရင်ပြင်၌ ယမန်နေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် "လူ့အခွင့်အရေးတွေပြန်ရဖို့ စစ်အာဏာရှင်ကိုအမြစ်ဖြတ်စို့"ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။ 

  • မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အမှတ် ၂ ရဲစခန်းနှင့် အကျဥ်းထောင် ဝန်ထမ်း အိမ်ရာ အပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike အဖွဲ့ ထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်း ဖက်စစ်တပ်၏ တပ်စခန်း ကို TNLA ထပ်မံ သိမ်းပိုက်ရှိခဲ့ပြီး ယင်းတပ်စခန်းကနေ စစ်သုံ့ပန်း ၇ဦးနှင့် လက်နက်ခဲယမ်းတွေရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။ 

  • ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းဒေသ၊ နမ့်ဆန်နှင့်လားရှိုးမြို့နယ်က အကြမ်းဖက် စစ်အုပ်စု တပ်စခန်း ၄ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA က ယနေ့ထုတ်ပြန်သည်။ 

  • ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့် အနေဖြင့် ​မြန်မာပြည်သူတစ်ရပ်လုံးက စစ်ကောင်စီကို ရရာနည်းလမ်း၊ ရရာလက်နက်နှင့် ရောက်ရှိသည့်နေရာကနေ တော်လှန်တိုက်ခိုက်ကြရန်အတွက် ညီနောင်မဟာမိတ် သုံးဖွဲ့က တိုက်တွန်းလိုက်သည်။ 

  • “၁၀၂၇ စစ်ဆင်ရေး” အဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများပြင်းထန်နေရာ ယမန်နေ့ (ဒီဇင်ဘာ ၁၀) က စစ်တွေမြို့အပါအဝင် မင်းပြား၊ ပုဏ္ဏားကျွန်းမြို့တို့ကို စစ်ကောင်စီ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကလေးတစ်ဦး သေဆုံးပြီး ဒေသခံ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ပလက်ဝခရိုင်၊ အကြမ်းဖက်စစ်ကောင်စီ လက် အောက်ခံ ရှင်းလက်ဝ ရဲစခန်းက ဒေသခံ ရဲ တပ်သား (၈) ဦး Chinland Defense Force – Paletwa ချင်းနယ်မြေကာကွယ်ရေး တပ်ဖွဲ့ ပလက်ဝ ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီမှ သတင်းထုတ် ပြန်ထားသည်။ 

စစ်ကောင်စီ  

  • စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ချင်းပြည်နယ်အတွင်းရှိ ဒေသတချို့ကို ရခိုင်ပြည်နယ်ဟု အကြိမ်ကြိမ်ပြောနေခြင်းမှာ ရည်ရွယ်ချက်ရှိနိုင်‌ကြောင်း ပလက်ဝဒေသခံများက ပြောသည် 

  • မြန်မာ-ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံအကြား လုံခြုံရေးနှင့် တည်ငြိမ်‌ အေးချမ်းရေး အတွက် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး မစ္စတာရှီယွီကန်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

  • ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ နယ်မြေခံတပ်ဆေးရုံတွင် တက်ရောက် ကုသမှုခံယူ လျက်ရှိသည့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအား စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။ 

  • လူ့အခွင့်အရေးကို ရိုသေလေးစားကြရန်နှင့် အခြေခံလူ့အခွင့်အရေးများ ရရှိရန် မည်မျှပင် တိုက်တွန်း ကြိုးပမ်းကြသော်လည်း တည်ငြိမ်အေးချမ်းမှု ပျောက်ဆုံးနေပြီး လက်နက်ကိုင် တိုက်ပွဲများ ဖြစ်နေမည်ဆိုလျှင် ယင်းဒေသများရှိ လူ့အခွင့်အရေးသည်လည်း မှေးမှိန်အားနည်း နေမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုလိုက်သည်။ 

ဒီဇင်ဘာ ၁၁ သုံးသပ်ချက် 

  • စစ်ကောင်စီမှ လက်နက်မဲ့ပြည်သူများအပေါ် အကြောင်းမဲ့သတ်ဖြတ်ခြင်းများ၊ အရပ်သား ပြည်သူများအပေါ်ဗုံးကျဲခြင်းများနှင့် ရွာများကိုမီးရှို့ပြုလုပ်နေစဉ်က မည်သည့်အသံမှမထွက် သော်လည်း တော်လှန်ရေးအားကောင်းပြီး စစ်တပ်စခန်းများ မြို့များ သိမ်းလာသည့် အချိန်မှ တိုက်ပွဲဖြစ်သည့်နေရာများသည် လူ့အခွင့်အရေး မှေးမှိန်းအားနည်း နေမည်ဟု ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထုတ်ဖော်ပြောဆိုလာသည်ကို ကြည့်လျှင် ၎င်းတို့ ရှုံးလာနေပြီးဟု ဝန်ခံပြောဆိုခြင်း ဖြစ်သည်။ 

  • အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ အိမ်နီးခြင်းတရုတ်ကို ခပ်ခွာခွာဆက်ဆံပြီး ရုရှားနှင့်လုံးထွေးနေသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီး စခန်းအများအပြား မြို့များပါ ကျလာချိန်တွင် စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးအဆင့်နှင့်ပါ သွားရောက်ဆွေးနွေးနေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required