လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါဝင် ဝန်ထမ်း ၅ ဦးကို ကရင်နီပြည်ရဲဌာနကိုလွှဲပြောင်း

By KMN (မဇ္ဈိမ)
30 November 2023
လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါဝင် ဝန်ထမ်း ၅ ဦးကို ကရင်နီပြည်ရဲဌာနကိုလွှဲပြောင်း
ပုံအညွှန်း - လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း ၅၉  ဦးနှင့် မိသားစုဝင် ၂၇  ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တွေ့ရစဉ်။ (Photo - IEC)

ကရင်နီပြည်နယ်တွင် လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းဖြစ်သည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ငါးဦးနှင့် သူတို့၏မိသားစုဝင်များအား ကရင်နီပြည်ရဲဌာနကို လွှဲပြောင်းလိုက်ကြောင်း IEC က ထုတ်ပြန်သည်။

၎င်းတို့ငါးဦးအား တရားလိုအဖြစ်အမှုဖွင့်လှစ်မည်ဖြစ်ကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ထုတ်ပြန်ခြင်းဖြစ်သည်။ 

"ပါချုပ်ပါတဲ့ ငါးဦးနဲ့မိသားစုဝင်တွေကို ကရင်နီပြည်ရဲဌာနကို လွှဲလိုက်ပါပြီ။ ကရင်နီပြည်ရဲဌာနက တရားလိုပြုလုပ်ပြီး တရားစွဲဆိုဖို့ပြင်ဆင်နေပါတယ်။ မိသားစုဝင်ထဲက ကလေးငယ်နှစ်ဦးကတော့ တရားစွဲဆိုတဲ့အထဲ မပါဘူးပေါ့နော်၊ တချို့မိသားစုဝင်တွေက စစ်ကောင်စီတခြားဌာနရဲ့ အဆက်မြင့်ဝန်ထမ်းတွေဖြစ်နေတော့ တရားစွဲဆိုဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်ပေါ့" ဟု ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ် က မဇ္ဈိမကိုပြောသည်။

လွိုင်ကော်တက္ကသိုလ်နှင့် စက်မှုလက်မှုသိပ္ပံကျောင်းမှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင် ၂၀၄ ဦးကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုသူများအနက် Non-CDM ဝန်ထမ်း ၇ဝ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ကရင်နီပြည်နယ်မှနေရပ်ပြန်နိုင်ရန် စီစဉ်ပေးခဲ့သည်။ 

ဒုတိယအကြိမ်အဖြစ် Non-CDM အရာထမ်း ၅၉ ဦးနှင့် မိသားစုဝင် ၂၇ ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကရင်နီပြည်နယ်မှ အပြီးသတ်နယ်နှင်ဒဏ်ပေးခဲ့ကြောင်း ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီကနိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။

Non-CDM ဝန်ထမ်း ၁၂၉ ဦးနှင့် မိသားစုဝင် စုစုပေါင်း ၁၉၃ ဦးအား ကရင်နီပြည်နယ် Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေရပ်ပြန်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ကျန်ရှိသည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ငါးဦးနှင့် သူတို့၏မိသားစုဝင်များအား ကရင်နီပြည်ရဲဌာနကို လွဲပြောင်းခြင်းဖြစ်ကြောင်း ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဆိုသည်။

ကရင်နီပြည်နယ်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက ၁၁၁၁ စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့ပြီး လက်ရှိတွင် လွိုင်ကော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။

စစ်ရေးအရှိန်မြင့်လာမည်ဖြစ်သောကြောင့် စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းကြဖို့ ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီက တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required