ဧရာဝတီတိုင်းအတွင်း PDF များဝင်လာသည့်သတင်း‌ကြောင့် စစ်ကောင်စီလုံခြုံရေးတင်းကျပ်

By မင်းထက် (မဇ္စျိမ)
29 November 2023
ဧရာဝတီတိုင်းအတွင်း PDF များဝင်လာသည့်သတင်း‌ကြောင့် စစ်ကောင်စီလုံခြုံရေးတင်းကျပ်
ဓာတ်ပုံ -ပုသိမ်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအား ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းစဥ်(ပုံဟောင်း)

ဧရာဝတီတိုင်းအတွင်းသို့ PDF တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည့် သတင်းရသည်ဟုဆိုကာ တိုင်းအတွင်းမြို့နယ်အသီးသီးတွင်  စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှသိရသည်။ 

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ရောက်ရှိနေသော ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလလယ်မှစ၍  ပြန်လည်ဝင်ရောက်လာသည်ဟုဆိုကာ ဧရာဝတီတိုင်း ၂၆ မြို့နယ်တွင် စစ်ကောင်စီက  လုံခြုံရေးတင်းကျပ်ထားခြင်းဟု မြို့နယ်အသီးသီးရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကပြောသည်။

" ညဘက်တွေ ကင်းလှည့်တယ်။ တွေ့ရာလူ ဖမ်းစစ်တယ်။ သေနတ်တွေ ညတိုင်းလိုလို ဖောက်တယ်။ PDF တွေ ပြန်ဝင်လာမယ်ဆိုတဲ့ သတင်းကို သူတို့(စစ်ကောင်စီတပ်) တော်တော်လေး သတိထားနေတယ်"ဟု ဟင်္သာတမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဧည့်စာရင်းစစ်ဆေးမှုများ၊ ကင်းပုန်းဝပ်ခြင်းများနှင့် ပိတ်ဆို့စစ်ဆေးမှုများကို ယခင်ကထက်ပိုမိုပြုလုပ်နေသည်ဟုလည်း ဒေသခံများထံမှသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် မြို့ပေါ်ရှိ ဘုရားရင်ပြင်တော်များနှင့် စာသင်ကျောင်းများ၌ တပ်စွဲထားကြသည်ဟု ဒေသခံများကပြောသည်။ 

မော်လမြိုင်ကျွန်းမြို့နယ်တွင်လည်း မြို့နယ်ရဲမှူးကဦးဆောင်ကာ ကင်းလှည့်ခြင်း ၊မအူပင်မြို့နယ်တွင် ပြည်သူလူထု သတိမထားမိသည့်နေရာအချို့၌ ဘန်ကာအသစ်များဆောက်လုပ်ခြင်း၊ ကန်ကြီးထောင့်မြို့နယ် မြို့အဝင်ဂိတ်တွင် ပြည်သူများကို စစ်ဆေးမှုများပိုမိုပြုလုပ်ခြင်း၊ကင်းပုန်းဝပ်ခြင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကပြုလုပ်နေကြသည်ဟု ဒေသခံများကဆိုသည်။

"တတိုင်းလုံးက စစ်တပ်နဲ့ရဲတွေ လှုပ်လှုပ်ရွရွဖြစ်နေတာတော့အမှန်ပဲဗျ။ ဘာသတင်းတွေကြားပြီး ကြောက်နေကြလဲတော့မသိဘူး။ အင်အားတိုးတာမျိုးတော့မရှိဘူး။ရှိတဲ့အင်အားနဲ့ပဲ လုံခြုံရေးတင်းကျပ်ထားတာပါ။တချို့မြို့နယ်တွေမှာတော့ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေကိုသုံးနေတာတွေ့ရတယ်။လက်နက်ပေးကိုင်တာမျိုးတော့မတွေ့ရဘူး"ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောသည်။

ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးအား ဆက်သွယ်မေးမြန်းရာ တိုင်းနှင့်ထိစပ်နယ်မြေများမှ တိုက်ပွဲများ၌ စစ်ကောင်စီ အထိနာသည်နှင့်တပြိုင်နက် တိုက်ပွဲစတင်နိုင်ရန်ကြိုးစားနေကြောင်း မဇ္စျိမကိုပြောသည်။

ဧရာဝတီတိုင်းသည် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်တို့နှင့် ထိစပ်နေသည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့်လူငယ်များသည်  တိုင်းရင်းသားဒေသများသို့သွားရောက်ပြီး စစ်သင်တန်းတက်ရောက်ခဲ့ကြသည်။ ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအချို့၌ စစ်ကောင်စီအားတိုက်ခိုက်သည့်တိုက်ပွဲများတွင် ဧရာဝတီတိုင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်နေသည်ဟုသိရသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းက ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကြံခင်းမြို့နယ်အနောက်ဘက်တောများ၌  စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ခဲ့သည်။စစ်ကောင်စီဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့သည့်အပြင် ဒုတပ်ရင်းမှူးတဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟင်္သာတခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်သုံးဦးကျဆုံးခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားသလို  မြို့နယ်အချို့တွင် ဒေသခံများအား မတရားစွပ်စွဲ ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ဧရာဝတီတိုင်းမှ တော်လှန်ရေးအင်အားစုများကပြောသည်။

"သူတို့(စစ်ကောင်စီ)ဘက်ကလည်း ပြင်ဆင်နေသလို ကျွန်တော်တို့ဘက်ကလည်း ပြင်ဆင်သင့်တာအကုန်လုံး ပြင်ဆင်နေပါတယ်။ဧရာဝတီပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးဟာ အရေးကြီးတဲ့အချိန်ရောက်နေပါပြီ။  တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကိုကူကြပါ"ဟု ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက တိုက်တွန်းသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required