ဖြိုခွင်းနှိမ်နင်းမှုများ ရှိလင့်ကစား ဆန္ဒပြမှုများကို ဆက်လုပ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အတိုက်အခံတို့ ပြော

ဖြိုခွင်းနှိမ်နင်းမှုများ ရှိလင့်ကစား ဆန္ဒပြမှုများကို ဆက်လုပ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အတိုက်အခံတို့ ပြော
Photo: AFP

ဘင်္ဂလားဒေ့ရှ်တွင် ဇန်နဝါရီလ အထွေထွေရွေးကောက်ပွဲမတိုင်မီ ဖြိုခွင်းနှိမ်နင်းမှုများ ရှိလင့်ကစား အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများကို ဆက်လုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံ၏ အဓိက အတိုက်အခံပါတီက နိုဝင်ဘာ ၂၉ ရက်တွင် ပြောသည်။ အတိုက်အခံများအပေါ် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့၏ ဖြိုခွင်းနှိမ်နင်းမှုက “အာဏာရှင်ဆန်သော ဖြိုခွင်းနှိမ်နင်းမှု” ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တခုက ပြောသည်။

ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ ရာထူးမှ နုတ်ထွက်ရေးနှင့် ဇန်နဝါရီ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် ယာယီအစိုးရတရပ်ကို ကြီးကြပ်စေခွင့်ပြုရေး တောင်းဆိုချက်အတိုင်း ဖြစ်မလာပါက ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု အတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) က ပြောကြားထားသည်။ BNP ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် အကျဉ်းချခံထားရခြင်း သို့မဟုတ် ပြည်ပတွင် သွားရောက်တိမ်းရှောင်နေထိုင်ရမှုများ ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း နိုင်ငံတဝန်း ပြင်းထန်သည့် ဆန္ဒပြပွဲများအတွင်း ရဲတဦး အပါအဝင် လူလေးဦးထက်မနည်း သေဆုံးပြီး ရာချီ ဒဏ်ရာရရှိခဲ့သည်ဟု ရဲများက ပြောသည်။

“BNP ပါတီအပေါ် အစိုးရဘက်က ဘယ်လိုပဲ ဖြိုခွင်းနှိမ်နင်းပါစေ၊ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့ အခြေခံမဲပေးခွင့်တွေ မူလအတိုင်း ပြန်မရမချင်း မိမိတို့ရဲ့ ငြိမ်းချမ်းပြီး၊ ဒီမိုကရေစီနည်းကျတဲ့ ဆန္ဒပြမှု အစီအစဉ်တွေကို ဆက်လုပ်သွားမှာ ဖြစ်တယ်” ဟု BNP ပါတီ၏ အမြင့်ဆုံး မူဝါဒချမှတ်မှုအဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်သလို ဝန်ကြီးဟောင်းတဦးလည်း ဖြစ်သည့် အဗ္ဗဒူလ် မိုယင်းန် ခန်းက ရိုက်တာကို ပြောသည်။

BNP ပါတီက ဆော်ဩသည့် နိုင်ငံတဝန်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့မှုတို့ ဖြစ်ပေါ်နေပြီး နိုဝင်ဘာ ၂၉ ရက်က လက်လုပ်ဗုံး ပေါက်ကွဲ၍ မြို့တော် ဒါကာတွင် လူနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ပြီးခဲ့သည့် လတလတည်းအတွင်း ဒါဇင်နှင့်ချီသော ဘတ်စ်ကားများနှင့် မော်တော်ယာဉ်များ မီးရှို့ခံရကြောင်း အာဏာပိုင်တို့က ပြောသည်။

“ပြည်သူတွေမှာ ပြည်သူ့အခွင့်အရေးတွေ ရမနေဘူး။ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ဖို့အတွက်လည်း အာမခံချက်မရှိဘူး။ ဒီလိုမျိုး မတော်မတရား အုပ်ချုပ်မှုနဲ့ ဥပဒေမဲ့မှု တို့ကို အဆုံးသတ်ဖို့ လက်ရှိ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုကို အရှိန်မြှင့်ရမှာ ဖြစ်သလို ပြည်သူတွေရဲ့ အောင်ပွဲကို သေချာအောင် လုပ်ရမှာဖြစ်တယ်” ဟု BNP အကြီးတန်းအရာရှိ ရူဟူလ် ကာဘီယာ ရစ်ဇ်ဗီက ပြောသည်။

လေးကြိမ်ဆက်တိုက်အဖြစ် ငါးနှစ်သက်တမ်းတခုကို ထပ်မံရယူရန် ကြိုးပမ်းနေသည့် ဟာဆီနာက ယာယီအစိုးရတရပ်ထံ အာဏာလွှဲပေးရေးကို ထပ်တလဲလဲ ပယ်ချထားပြီး BNP ပါတီကိုလည်း အကြမ်းဖက်မှုနှင့် ရမ်းကားမှုတို့ ကျူးလွန်ကြောင်း စွပ်စွဲထားသည်။

နိုဝင်ဘာ ၁၅ ရက်က ရွေးကောက်ပွဲ ကြေညာပြီးချိန်ကတည်းက လူလေးဦး သေဆုံးပြီး လူ ၅,၃၃၀ ကျော် ဖမ်းဆီးခံထားရကြောင်း BNP က ပြောသည်။

အကြမ်းဖက်မှုတို့အတွက် တာဝန်ရှိသူများကိုသာ ဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် အတိုက်အခံခေါင်းဆောင်များနှင့် ထောက်ခံသူများကို ပစ်မှတ်ထားနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က စွပ်စွဲသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required