SSPP နှင့် RCSS အပစ်ရပ်ကြောင်း ကြေညာ

By ဂျူချန်း (မဇ္ဈိမ)
30 November 2023
SSPP နှင့် RCSS အပစ်ရပ်ကြောင်း ကြေညာ
ပုံအညွှန်း- ၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ အပစ်အခတ်ရပ်စဲကြောင်း ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်လိုက်သည်။

SSPP ကိုယ်စားလှယ် သုံးဦး၊ RCSS  ကိုယ်စားလှယ်လေးဦးတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တရားဝင် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 SSPP နှင့် RCSS ကြား၌ လွန်ခဲ့သည့် လအနည်းငယ်ကအထိ  စစ်ရေးတင်းမာခဲ့သလို စိုးမိုးနယ်မြေများမှ အရပ်သားများအား ဖမ်းဆီးမှုနှင့် ပတ်သက်၍လည်း လူထု၏ ပြစ်တင်ဝေဖန်မှု ခံခဲ့ရသည်။ ပြီးခဲ့သည့် ဧပြီလတွင်  လဲချားမြို့၌ နှစ်ဘက် ပစ်ခတ်မှု ဖြစ်ခဲ့သည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ယခုကဲ့သို့ အပစ်ရပ်ခြင်းကို ကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်တော်လှန်ရေး၌ ပူးပေါင်းပါဝင်စေလိုကြောင်း ရှမ်းပြည်နယ်မှ ဒေသခံအချို့က မှတ်ချက်ပြုသည်။

 " စစ်အာဏာရှင်ကို မီးစာတပ်ပေးနေတာမျိုးကို ကျမတို့ လက်မခံဘူး။  လူထုဆန္ဒနဲ့ အညီ ရပ်တည်စေချင်တယ်။ ဒါ ကျမတို့ မျှော်လင့်တဲ့အရာပဲ"ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့မှဒေသခံတဦးက ပြောသည်။

RCSSသည် စစ်ကောင်စီက ဆက်လက်ကိုင်စွဲထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင်လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST တွင် ပါဝင်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင်နေပြည်တော်၌ ကျင်းပသည့်  NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ RCSS ဥက္ကဌကိုယ်တိုင် တက်ရောက်ခဲ့သည်။ 

SSPP သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။  ပြီးခဲ့သည့် ဇွန်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်မှ SSPP စခန်းများ ရုတ်သိမ်းရန် စစ်ကောင်စီက ဖိအားပေးခဲ့ရာ SSPP နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာခဲ့သည်။ 

SSPP သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)  အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်ဖြစ်သည်။

လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သောမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA)နှင့် တအာင်းအမျိုးသားလွတ် မြောက်‌ရေးတပ်မတော်(TNLA)တို့ ဦးဆောင်သည့်  ၁၀၂၇ စစ်ဆင်ရေးအတွင်း  စစ်ကောင်စီနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly