မန္တလေး ကျုံးဘေးပတ်လည်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်

By 007 (မဇ္စျိမ)
20 November 2023
မန္တလေး ကျုံးဘေးပတ်လည်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်
ပုံအညွှန်း-မန္တလေးကျုံးမြောက်ဘက်ခြမ်းအား ယနေ့တွေ့ရစဥ်။

မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အထိုင်ချထားသည့် နန်းတွင်း‌အနီးရှိ ကျုံးဘေးပတ်လည် တွင် လုံခြုံရေးတိုးမြှင့်ချထားလာသည်ဟု ဒေသခံများထံမှ သိရသည်။

“ခံစစ်ကို သေသေချာချာပြင်ဆင်နေတဲ့ အနေအထားတွေ့ရတယ်။ ကျုံးဘေးပတ်လည်မှာ အရင်လို တဖွဲ့ နှစ်ဖွဲ့ မဟုတ်တော့ဘူး၊ သုံးဖွဲ့နဲ့အထက်နေရာယူထားတာတွေ့ရတယ်။ မနက်တကြိမ် ညနေပိုင်းမှာ တကြိမ် ကျုံးဘေးပတ်လည် မိုင်းရှာတယ်လို့သိရတယ်၊ မြို့ထဲမှာ အစစ်အဆေးလည်း တအားကျပ်ထား တာတော့ ကိုယ်တွေ့ပဲ” ဟု ဒေသခံတဦးက ပြောသည်။

မန္တလေးမြို့နှင့် မိုင် ၂၀ ၀န်းကျင်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ စိမ့်၀င်နေသည်ဟု သတင်းထွက်ပြီး နောက် စစ်ကောင်စီတပ်သားများ အခိုင်အမာတပ်စွဲထားသည့် နန်းတွင်း၏ ကျုံးဘေးပတ်လည်တွင် လုံခြုံ ရေး ထပ်မံဖြည့်တင်းထားကာ မြို့ပေါ်တွင်လည်း စစ်ဆေးမှုတင်းကျပ်လာသည်ဟု ဆိုသည်။

နို၀င်ဘာလ ၁၃ ရက်နေ့က မန္တလေးမြို့တွင် ရွှေပြည်စိုးစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီး နောက်တရက်မှစ၍ စစ်ကောင်စီက ဌာနဆိုင်ရာရုံး အသီးသီး၌ စစ်အင်အားနှင့် လုံခြုံရေး တိုးမြှင့်ချထား ပြီး ဘာသာရေးအဆောက်အအုံများတွင်လည်း တပ်စွဲထားသည်ကိုတွေ့ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

မန္တလေး PDF တပ်ရင်းလေးရင်း ဦးဆောင်မှုဖြင့်  မဟာမိတ်များပူးပေါင်းကာ ရွှေပြည်စိုးစစ်ဆင်ရေး စတင် လိုက်ပြီဖြစ်ကြောင်းကြေညာသည့်နေ့မှာပင် အမရပူရမြို့နယ် တောင်သမန်အင်းအနီးရှိ အမှတ်(၂) ပင်မ အလုပ်ရုံ(လျှပ်စစ်ဌာန)နှင့် တမာတန်းရပ်ကွက်ရှိ ယာဥ်သိုလှောင်ရေးတပ်ဝင်းထဲသို့ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့သည်။

ထို့ပြင် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ (စျ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

“အခု မန္တလေးမှာဘယ်လိုဖြစ်နေပြီလဲဆိုတော့ နေ၀င်ပြီဆိုတာနဲ့ ရပ်ကွက်တွေထဲ လူသံတိတ်ဆိတ်သွား ပြီ။ သူတို့(စစ်ကောင်စီ)ဘက်ကလည်း ညရောက်ပြီဆိုတာနဲ့ တဒိုင်းဒိုင်းနဲ့ပစ်နေကြတာဆိုတော့ လူတွေ ကတအားထိတ်လန့်နေကြတယ်။ နေ့ခင်းဆိုလည်း သုတ်သုတ်သွားသုတ်သုတ်လာပဲ။ ကျောင်းထားတဲ့ ကလေးမိဘတွေလည်း ကလေးတွေကို ကျောင်းမလွှတ်ကြတော့တာတွေရှိတယ်” ဟု မြို့ခံတဦးက ပြော သည်။

မန္တလေးမြို့၏မြောက်ဘက် မိုင် ၂၀ ဝန်းကျင်အကွာရှိ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးမဟာမိတ်တပ်တို့ စစ်ရေးတင်းမာနေပြီး မြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ စစ်ကိုင်းမြို့ (မင်းကွန်းဒေသ)တွင် လည်း တော်လှန်ရေးအင်အားစုတပ်ရင်းတပ်ဖွဲ့များက စစ်ကောင်စီကိုစစ်ကြေညာထားပြီး အနီးဝန်းကျင် ရှိ ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် အသိပေးအကြောင်းကြားထားသည်။

စာတည်း။            ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
#မန္တလေးတိုင်း
#မန္တလေးမြို့
#လုံခြုံရေးတိုးမြှင့်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required