ရန်ကုန်တွင် ဒရုန်းနှင့် ခလုတ်ဖုန်းရောင်းချခွင့် စစ်ကောင်စီ လိုက်လံပိတ်ပင်နေဟုဆို

By ဂန္ဒမာ (မဇ္ဈိမ)
20 November 2023
ရန်ကုန်တွင် ဒရုန်းနှင့် ခလုတ်ဖုန်းရောင်းချခွင့် စစ်ကောင်စီ လိုက်လံပိတ်ပင်နေဟုဆို
ပုံအညွှန်း - ရဲတပ်ဖွဲဝင်များအား ဒရုန်းတိုက်ဖျက်ရေးလက်နက်နှင့်အတူတွေ့ရစဉ်(ပုံဟောင်း)

ရန်ကုန်မြို့ ၊မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဒရုန်းရောင်းချသုံးစွဲခွင့်နှင့် ပုဇွန်တောင်မြို့နယ်တွင် ခလုတ်ဖုန်း(Key Pad) ရောင်းချခွင့်အား စစ်ကောင်စီက လိုက်လံပိတ်ပင်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောသည်။ 

မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  ဒေသန္တရအမိန့်ဟုဆိုကာ မြို့နယ်အတွင်းရှိ ကုန်တိုက်ကြီးများ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များနှင့် စတိုးဆိုင်များတွင် ဒရုန်းနှင့် ဒရုန်းဆက်စပ်ပစ္စည်းများ ရောင်းချမှု၊ လက်ဝယ်အသုံးပြုမှုမရှိစေရေးနှင့် ဒရုန်းပျံသန်းမှုကိုကြပ်မတ်ဆောင်ရွက်ရန်  နိုဝင်ဘာလလ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ ယင်းစာကို မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်းဟု ထွေအုပ်ရုံးနှင့်နီးစပ်သူတဦးကပြောသည်။

" ဒရုန်းလို့ပြောလိုက်တာနဲ့ တိုက်ခိုက်ရေးသုံးပစ္စည်းလို့ပဲ စစ်ကောင်စီက မြင်နေတာလားမသိဘူး။ တဖက်ကပြန်ကြည့်တော့လည်း သူတို့အရမ်းကြောက်နေတဲ့သဘောပေါ့။ အခုကတော့ စာထွက်လာတဲ့အဆင့်ပါ။ လုပ်ဆောင်ချက်ကတော့ ဘယ်လိုလဲမပြောတတ်သေးဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ သတင်းရင်းမြစ်တဦးက ပြောသည်။ 

ရန်ကုန်တိုင်းအတွင်း  ကျန်မြို့နယ်များ၌ ယင်းကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းမရှိသေးကြောင်း ‌ရန်ကုန်မြို့အခြေစိုက်တော်လှန်ရေးအင်အားစုများကပြောသည်။

ထို့အပြင် ပုဇွန်တောင်မြို့နယ်မှ ဖုန်းအရောင်းဆိုင်များ၌ ခလုတ်ဖုန်းရောင်းချခွင့်အား စစ်ကောင်စီကလိုက်လံပိတ်ပင် နေကြောင်းသိရသည်။

“တခြားမြို့နယ်တော့မသိဘူး။ ပုဇွန်တောင်က ဖုန်းဆိုင်တချို့ကို Keypad(ခလုတ်ဖုန်း) မရောင်းဖို့ လိုက်ပြောသံကြားတယ်။ ဒရုန်းတော့မပါဘူးပြောတဲ့ထဲမှာ။ ဒီလိုတွေလိုက်လုပ်နေတာက ရန်ကုန်ကို ကျပ်နေတာဗျ။ အဲ့ဒါကတော့ စာနဲ့ထွက်လာတာမဟုတ်ဘူး။ ဆိုင်တချို့ကိုစစ်တပ်က လိုက်ပြောတာ” ဟုဒေသခံတဦးက‌ ပြောသည်။ 

ခလုတ်ဖုန်းအသုံးပြုပြီး မိုင်းဖောက်ခွဲတိုက်ခိုက်ခံရမည်ကို စစ်ကောင်စီကစိုးရိမ်ပြီး ယင်းကဲ့သို့တားမြစ်ခြင်းဟု ဆိုသည်။

ရန်ကုန်တွင် ဒရုန်း ရောင်းချခြင်း၊ အသုံးပြုခြင်းအား တားမြစ်ခြင်းကို စစ်ကောင်စီက  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင်  မြောက်ဥက္ကလာပမြို့နယ်၌ ထုတ်ပြန်ခဲ့ဖူးသည်။ ဒရုန်းနှင့် တိုက်ခိုက်မှုများက်ို တားဆီးရန်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်မထုတ်ပြန်မီ ရက်အနည်းငယ်က  လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသည်။ 

ယခုအခါ စစ်ကောင်စီအထိအခိုက်များနေသော  ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က ဒရုန်းများအသုံးပြု၍ တိုက်ခိုက်နေကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

စာတည်း - အေးချမ်း
#Mizzima
#ရန်ကုန်
#ဒရုန်းနှင့်ခလုတ်ဖုန်းရောင်းချခွင့်ပိတ်
#ဒေသန္တရအမိန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required