တရုတ်၏ သူလျှိုလှုပ်ရှားမှုများက မကြုံစဖူးအန္တရာယ်ဖြစ်နေ

By Geopolitik
09 November 2023
တရုတ်၏ သူလျှိုလှုပ်ရှားမှုများက မကြုံစဖူးအန္တရာယ်ဖြစ်နေ

နည်းပညာနှင့် အခြားသော မူပိုင်ခွင့်ကုန်သွယ်ရေးလျှို့ဝှက်ချက်နယ်ပယ်တွင် ဉာပစ္စည်းအား တရားမဝင် ရယူသည့် ကွန်မြူနစ်တရုတ်နိုင်ငံမှ လုပ်ဆောင်သော သူလျှိုလှုပ်ရှားမှုများသည် အနောက်နိုင်ငံများအတွက် ကြီးမားသော အန္တရာယ်ဖြစ်နေပြီး သမိုင်းတစ်လျှောက် မကြုံစဖူးဖြစ်ကြောင်း Five Eyes မဟာမိတ်အဖွဲ့မှ ထောက်လှမ်းရေးအရာရှိများက CBS နှင့် အောက်တိုဘာ ၂၂ ရက်က တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး တည်ထောင်ခဲ့သော Five Eyes မဟာမိတ်အဖွဲ့တွင် ဩစတြေးလျ၊ ကနေဒါ၊ ဗြိတိန်၊ အမေရိကန်နှင့် နယူးဇီလန်တို့ ပါဝင်သည်။

ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်များသည် ဒီမိုကရေစီနိုင်ငံများအား တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြပြီး တရုတ်အစိုးရကို ယခုမျိုးဆက်၏ ခြိမ်းခြောက်မှုဟုပင် ခေါ်ဆိုခဲ့သည်။  

အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက တရုတ်ကွန်မြူနစ်ပါတီ၏ သူလျှိုစစ်ဆင်ရေးများသည် စိုက်ပျိုးရေး၊ လေကြောင်း၊ ဇီဝနည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်ရုပ်များနှင့် ပညာရပ်ဆိုင်ရာ သုတေသနများ အပါအဝင် ကဏ္ဍများစွာအထိ  စိမ့်ဝင်လျက်ရှိကြောင်း ပြောသည်။

ခရစ္စတိုဖာရေးက အက်ဖ်ဘီအိုင်သည် လက်ရှိတွင် တရုတ်အစိုးရ၏ အရေးကြီးသော အချက်အလက်များကို ခိုးယူရန် ကြိုးပမ်းမှုများနှင့် ပတ်သက်သည့် လက်ရှိစုံစမ်းစစ်ဆေးမှုပေါင်း ၂ ၀၀၀ ခန့်ကို လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။ တရုတ်အစိုးရသည် အခြားကွန်ပြူတာများမှ အချက်အလက်ကို ထိုးဖောက်ယူမှုအပါအဝင် ၎င်း၏ သူလျှိုလုပ်ဆောင်မှုများတွင် နည်းလမ်းမျိုးစုံကို အသုံးချသည်။

တရုတ်ကွန်မြူနစ်ပါတီသည် တခြားနိုင်ငံများအားလုံးပေါင်းထက်သာသော အချက်အလက်ရယူသည့်အစီအစဉ်ကို ပိုင်ဆိုင်ထားသည်ဟု ခရစ္စတိုဖာရေးက ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွှယ်နေသည့် ဟက်ကာများသည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒို၊ တရုတ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နီကိုလပ်စ်ဘန်းနှင့် အရှေ့အာရှဆိုင်ရာ ဒုနိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ်ခရစ်တန်ဘရစ်အပါအဝင် အမေရိကန် အစိုးရဌာနများ၏ အီးမေးလ်အကောင့်အများအပြားကို ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

သူလျှိုလုပ်ရန် ရည်ရွယ်ချက်အတွက် ကနေဒါရှိ အရေးပါပြီး ဗျူဟာမြောက်သောဧရိယာများ အနီးရှိ မြေယာများ သို့မဟုတ် ပိုင်ဆိုင်မှုများကို ဝယ်ယူသည့် တရုတ်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသော အမျိုးသားလုံခြုံရေး ဘေးအန္တရာယ်များကို ကနေဒါထောက်လှမ်းရေးအကြီးအကဲ ဒေးဗစ် ဗစ်နော့ခ်က အသေးစိတ် ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်စီးပွားရေးလုပ်ငန်းများသည် အမေရိကန်ပြည်ထောင်စုအတွင်း စီးပွားရေးလုပ်ငန်းများ၊ မြေယာနှင့် အရေးပါသော အခြေခံအဆောက်အအုံများကို ရယူရန် ကြိုးပမ်းခဲ့ကာ အမျိုးသားလုံခြုံရေးစိုးရိမ်မှုများ မြင့်တက်စေခဲ့သည်ဟု ထောက်ပြခဲ့သည်။

ကွန်မြူနစ်ပါတီ၏ ခြိမ်းခြောက်မှုမှာ သူလျှိုလှုပ်ရှားမှုများထက် ကျော်လွန်ပြီး ပြည်ပတွင်နေထိုင်သည့် တရုတ်အတိုက်အခံများကို ပစ်မှတ်ထားနေကြောင်း  ထောက်လှမ်းရေးအကြီးအကဲများက အလေးပေးပြောကြားခဲ့သည်။

ပြည်ပရောက် တရုတ်များကို တရားစွဲနိုင်ရေးအတွက် ပြန်လာစေရန်ကြိုးပမ်းသည့်အနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏  Operation Fox Hunt အစီအစဉ်သည် တရုတ်ပြည်တွင်းရှိ မိသားစုဝင်များကို နှောင့်ယှက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများလုပ်ဆောင်နေကြောင်းနှင့် တရုတ်အစိုးရအနေဖြင့် နိုင်ငံကြီးတစ်နိုင်ငံကဲ့သို့ပြုမူရန် ခရစ္စတိုဖာရေးက တိုက်တွန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required