ပုလဲမြို့ လက်တောင်းကြီးရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲခံရ ၁၀ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
07 November 2023
ပုလဲမြို့ လက်တောင်းကြီးရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲခံရ ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ မြောက်ခြမ်းရှိ လက်တောင်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်း၏ အင်အား ၃၀ ခန့်ပါ ရှေ့ပြေး ခြေလျင်ကင်းထောက်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းတပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၆ ရက် နေ့လယ် ၂ နာရီ မိနစ် ၂၀ တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးစစ်သားများ နှင့်ဒဏ်ရာရ စစ်သားများကို ကားပေါ်သို့ ထမ်းတင်သွားကြောင်း ဒေါင်းမင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်က အခုလို ပြောသည်။

“ စစ်ယာဉ်တန်းရဲ့ ရှေ့ပြေးကင်းထောက် စစ်သား ၃၀ ဟာ မိုင်းကွင်းထဲကို တည့်တည့်မတ်မတ် တိုးလာခဲ့တာ ဖြစ်ပါတယ်။ ကင်းထောက်စစ်သား ၃၀ လုံး နေရာတင် အကုန်မှောက်သွားတယ် ၊ တယောက်မှ ပြန်မပစ်နိုင်ကြဘူး ၊ စစ်ယာဉ်တန်း ကသာ အဝေးကနေ ပစ်ကူပေးခဲ့တာ ဖြစ်တယ်” ဟု ၎င်း ကဆိုသည်။

ယင်းစစ်ကောင်စီတပ် ရှေ့ပွိုင့်ကို ရှစ်လုံးတွဲ ပဒေသာမိုင်း တဆိုင်း ၊ ငါးလုံးတွဲ ရှေ့ထွက် မိုင်း နှစ်ဆိုင်းတို့ ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ သေဆုံး စစ်သား ၁၀ ဦးအထက် ရှိနိုင်ကြောင်း ဒေါင်းမင်းတပ်ဖွဲ့ ထံမှ သိရသည်။

၎င်း တိုက်ပွဲအတွင်း သေဆုံးစစ်သားများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ယနေ့ နံနက်ပိုင်း ၁၀ နာရီ အချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ) မှ Mi-17 ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း ဒေါင်းမင်းတပ်ဖွဲ့က ပြောသည်။

“ လေယာဉ်မလာခင် တမိုင်ပတ်လည်လောက်ကို လက်နက်ကြီးနဲ့ ပစ်ပြီးနေရာ ရှင်းတာ ရှိတယ်။ ရဟတ်ယာဉ် နှစ်စီးနဲ့ သေဆုံးစစ်သားတွေရော ၊ ဒဏ်ရာ ရသူတွေပါ ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်” ဟု ဒေါင်းမင်းတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ယာဉ်တန်းတွင် စစ်ကားနှင့် ချောဆွဲလာသည့် ပြည်သူပိုင် ကား စုစုပေါင်း ၁၇ စီးခန့် ရှိပြီး ၊ ယခုအချိန်တွင် မန်ကျည်းကန် ကျေးရွာအနီး ရောက်ရှိနေခြင်းကြောင့် လည်ငေါက် ၊ သရက်ကန် ၊ လက်တောင်း ၊ မန်ကျည်းကန် စတဲ့ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required