မြေပြင်ထိုးစစ် စတင်မည့် အစ္စရေးကို ‘အင်အားပြည့်’ ရင်ဆိုင်သွားမည်ဟု ဟားမတ်စ် ပြော

မြေပြင်ထိုးစစ် စတင်မည့် အစ္စရေးကို ‘အင်အားပြည့်’ ရင်ဆိုင်သွားမည်ဟု ဟားမတ်စ် ပြော
Photo-AFP

ပါလက်စတိုင်းတို့၏ နယ်မြေကို အစ္စရေးစစ်တပ်က လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလာသည့်နောက်၌ အစ္စရေး၏ တိုက်ခိုက်မှုများကို “အင်အားပြည့်” ရင်ဆိုင်သွားရန် အသင့်ရှိကြောင်း ဂါဇာရှိ ဟားမတ်စ်တို့က စနေနေ့တွင် ပြောသည်။

အစ္စရေးတို့က ဂါဇာကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သည့် သတင်းများနောက်၌ အစ္စရေးနယ်စပ်အနီးတွင် ဟားမတ်စ်တိုက်ခိုက်ရေးသမားများသည် အစ္စရေးတပ်များနှင့် ထိပ်တိုက်တွေ့ခဲ့ကြောင်း ဂါဇာကို အုပ်ချုပ်သည်ဟု ဟားမတ်စ်အဖွဲ့က အစောပိုင်းတွင် ပြောထားသည်။

“ကုန်လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း တိုက်ခိုက်မှုကို ထပ်လောင်းအားဖြည့်တဲ့အနေနဲ့ မြေပြင်တပ်တွေဟာ ဒီကနေ့ညမှာ စစ်ဆင်ရေးတွေကို တိုးချဲ့ပါတယ်”ဟု အစ္စရေးစစ်တပ် ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီက သောကြာနေ့ ညနေပိုင်း ရုပ်သံသတင်းထုတ်ပြန်ချက်၌ ပြောရာ ရေရှည် မျှော်မှန်းထားသည့် ဂါဇာကို မြေပြင်ကျူးကျော်စစ်ဆင်ခြင်းက စတင်ပြီလားဆိုသည့် မေးခွန်းများ မြင့်တက်လာခဲ့သည်။

ဟားမတ်စ်တို့ တူးထားသော ဥမင်များနှင့် အခြားသော အခြေခံအဆောက်အအုံများကို အစ္စရေးလေတပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ဂါဇာ အရှေ့မြောက်ပိုင်း ဘတ်ဟန်နောင်းမြို့နှင့် အယ်လ်ဘူရစ်အရပ်တွင် အစ္စရေးတပ်များနှင့် ထိပ်တိုက်တွေ့ကြောင်း ဟားမတ်စ်၏ လက်နက်ကိုင်အဖွဲ့က သောကြာနေ့တွင် ပြောသည်။

“အယ်လ်ကာဆမ်တပ်မတွေနဲ့ ပါလက်စတိုင်း ခုခံရေးတပ်တွေဟာ အစ္စရေး ကျူးကျော်မှုကို ထိပ်တိုက်ဆိုင်ဖို့ အသင့်ရှိနေတယ်”ဟု စနေနေ့ အစောပိုင်း၌ ဟားမတ်စ်က ထုတ်ပြန်သည်။

“နေတန်ယာဟုနဲ့ သူ့ရဲ့ ကျရှုံး စစ်တပ်ဟာ ဘယ်လို စစ်ရေးအောင်ပွဲကကိုမှ ရလိမ့်မှာ မဟုတ်ဘူး”ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ရည်ညွှန်းပြီး ယင်းထုတ်ပြန်ချက်၌ ဆိုထားသည်။

အောက်တိုဘာ ၇ ရက်က အစ္စရေး ရပ်ကွက်များကို ဟားမတ်စ်တို့၏ တိုက်ခိုက်ခြင်းနောက်၌ လေကြောင်းတိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဆင်နွှဲနေရာ ဂါဇာအပြင်ဘက်တွင် အစ္စရေးတပ်များက စုရုံးလျက် ရှိနေသည်။ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအတွင်း အရပ်သား အများစုအပါအဝင် လူပေါင်း ၁,၄၀၀ သေဆုံးရပြီး အစ္စရေးနိုင်ငံသားနှင့် နိုင်ငံခြားသားများအပါအဝင် လူပေါင်း ၂၀၀ ကျော်ထက်မနည်း ဓားစာခံ ဖမ်းဆီးခံထားရကြောင်း အစ္စရေးက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required