အီကွေဒေါငလျင် သေဆုံးသူ ၆၀၀ ကျော်ရှိလာ

အီကွေဒေါငလျင် သေဆုံးသူ ၆၀၀ ကျော်ရှိလာ

ပတ်ဒါနာလီ၊ ဧပြီ ၂၃ ။              ။ အီကွေဒေါနိုင်ငံတွင် ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်မှုတွင် သေဆုံးသူဦးရေက ဧပြီ ၂၂ ရက်အထိ ၆၀၂ ဦး ရှိသွားပြီဖြစ်သည်။

ဧပြီ ၁၆ ရက်က လှုပ်သွားသည့် ယင်းငလျင်သည် ဆယ်စုနှစ် ခုနစ်ခုနီးပါးအတွင်း အဆိုးဝါးဆုံး ငလျင်ဖြစ်ပြီး ဒဏ်ရာရသူပေါင်း ၁၂၄၉၂ ဦးရှိကာ ပျောက်ဆုံးသူ ၁၃၀ ရှိကြောင်း အရေးပေါ်စီမံခန့်ခွဲရေးအာဏာပိုင်များက ထုတ်ပြန်ထားသည်။

ဧပြီ ၂၁ ရက်ညတွင်လည်း အီကွေဒေါကမ်းလွန်တွင် ရေအောက် ဆယ်မိုင်အနက်ကို ဗဟိုပြုကာ ပြင်းအား ၆ အဆင့်ရှိ ငလျင်ထပ်လှုပ်သဖြင့် ထိတ်လန့်ကြောက်ရွံ့မှုများ ထပ်ဆင့်ဖြစ်ပွားရသည်။

ငလျင်ကြီးလှုပ်ပြီးနောက်ပိုင်း ဧပြီ ၂၁ နှင့် ၂၂ ရက်များတွင် နောက်ဆက်တွဲငလျင်ငယ်များ အကြိမ်ပေါင်း ၇၀ ကျော် လှုပ်ကြောင်းလည်း ဘူမိတိုင်းတာရေးဌာနက ပြောသည်။ ဧပြီ ၁၆ ရက်က ငလျင်ကြီးလှုပ်ပြီးနောက်မှ စတွက်လျှင် ငလျင်ငယ်ပေါင်း ၇၀၀ ကျော် လှုပ်ခဲ့သည်။

ထိုသို့ငလျင်ငယ်များက သီတင်းပတ်အနည်းငယ်ထိတိုင် လှုပ်နေဦးမည်ဖြစ်ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးတာဝန်ရှိသူက သတိပေးထားသည်။

ငလျင်လှုပ်ရာအရပ်များမှ ရှင်ကျန်ရစ်သူများအတွက် အစားအစာများ၊ သောက်ရေ၊ ဆေးဝါးအစရှိသည်တို့ကို အစိုးရနှင့် နိုင်ငံခြားအကူအညီပေးရေးအေဂျင်စီများက ထောက်ပံ့ပေးပို့လျက်ရှိသည်။

ငလျင်တွင် ပျက်စီးပြိုကျသည့် အဆောက်အအုံပေါင်းမှာ ၇၀၀၀ နီးပါးရှိပြီး အိုမဲ့အိမ်မဲ့ဖြစ်ကာ ယာယီစခန်းများတွင် နေထိုင်နေရသည့် ပြည်သူပေါင်းက ၂၆၀၀၀ ကျော်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required