တာမွေမြို့နယ်တွင် အမျိုးသမီး ၂ဦး အသတ်ခံရ

By ရွှေနွယ်၊ ရောင်နီ (မဇ္ဈိမ)
20 October 2023
တာမွေမြို့နယ်တွင် အမျိုးသမီး ၂ဦး အသတ်ခံရ
ဓာတ်ပုံ- တာမွေမြို့တနေရာ မြင်ကွင်း (ဓာတ်ပုံ- CJ)

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ကျောက်မြောင်းရပ်ကွက် ၊ ဓမ္မစိန္တာလမ်းတွင် ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းက နေအိမ်တခုအတွင်း၌ အမျိုးသမီးနှစ်ဦးအား သတ်ဖြတ်သွားသည့်ဖြစ်စဉ် ဖြစ်ပွားကြောင်း ဒေသခံများထံက သိရသည်။

အထပ်မြင့်တိုက် ရှစ်လွှာတွင် နေထိုင်သူ အမျိုးသမီးနှစ်ဦးအား သတ်ဖြတ်သွားခြင်းဖြစ်ပြီး အဆိုပါ အမျိုးသမီးနှစ်ဦးမှာ သားအမိတော်စပ်သည်ဟု တာမွေမြို့ရှိ လူမှုကူညီရေးအသင်းတခုထံက သိရသည်။

“ပုစွန်ခွက်ကြော်ဆိုင်ရှေ့ကတိုက်။ သားအမိလို့ သိရတယ်။ အသက်အရွယ် အတိအကျမသိရသေးဘူး” ဟု ယင်းလူမှုကူညီရေးအသင်းမှ အသင်းဝင်တဦးက ပြောသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးအနက် တဦး၏ အသိမိတ်ဆွေမှ ၎င်းတို့ထံ ဖုန်းခေါ်ဆိုရာတွင် ဖုန်းမကိုင်သောကြောင့် နေအိမ်သို့လာရောက်ကြည့်ရှုရာ နေအိမ်အတွင်း ထိုးသွင်း၊ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်သည်ဟု ကျောက်မြောင်းဒေသခံတဦးက ဆိုသည်။

"သတ်ပြီးတော့ အိမ်ထဲမှာရှိတဲ့ ရွှေတွေ ငွေတွေ ပိုက်ဆံတွေကို ယူသွားတယ်။ လောလောဆယ်အထိတော့ တရားခံကိုမမိသေးဘူး” ဟု ကျောက်မြောင်းဒေသခံတဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ တာမွေမြို့မရဲစခန်းမှ ရဲများ လာရောက်စစ်ဆေးသွားပြီး အမှုကိစ္စနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းလျက်ရှိသည်ဟုလည်းသိရသည်။

သေဆုံးသူ အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများကိုမူ လူမှုကူညီရေးအသင်းများ၏ အကူအညီဖြင့် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်တခုမှ မိသားစုများ ခရီးသွားနေစဉ် နေအိမ်ရှိ ပစ္စည်းများ ခိုးယူခံရသည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း

#တာမွေမြို့နယ်

#သေမှုသေခင်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required