စစ်ကိုင်း၊ ကျော်ဇေယျရွာတိုက်ပွဲ PDF ရဲဘော်၁ဦးကျဆုံး၊ စစ်ကောင်စီက ရွာကို မီးရှို့

By ပါခွီး၊MTO (မဇ္စျိမ)
20 October 2023
စစ်ကိုင်း၊ ကျော်ဇေယျရွာတိုက်ပွဲ PDF ရဲဘော်၁ဦးကျဆုံး၊ စစ်ကောင်စီက ရွာကို မီးရှို့

စစ်ကိုင်းမြို့၊ ကျော်ဇေယျရွာတွင်တိုက်ပွဲဖြစ်ခဲ့ပြီး  ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးကာ ဒေသခံတဦးလည်း စစ်ကောင်စီပစ်သည့် သေနတ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် (၂) ပြည်သူ့ ကာကွယ်ရေးတပ်မတော်ထံမှသိရသည်။ 

ဆားတောင်ရဲစခန်းမှ အင်အား၈၀ခန့်ပါသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည်အောက်တိုဘာလ ၁၈ရက်နေ့တွင် အောင်ဇေယျရွာ ကို ဝင်ရောက်စဥ် ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။တိုက်ပွဲ၌စစ်ကိုင်းခရိုင်အမှတ်(၂) ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အသက်(၂၃) နှစ်အရွယ်ရဲဘော်မောင်ကြီး ကျဆုံးပြီး  အသက်(၅၀) အရွယ်ဒေသခံ ဦးမင်းဆွေသည် သေနတ်ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“ သတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော်က ကျတော်တို့အဖွဲ့ ကပါ။ ရွာထဲကိုဝင်တဲ့အချိန်မှာ စစ်ကောင်စီ တပ်ရဲ့ အလစ်အငိုက်တိုက်ခိုက်တာကိုခံလိုက်ရတာပါ” ဟုစစ်ကိုင်းခရိုင်အမှတ် (၂) ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတဦးက ပြောသည်။

ဦးမင်းဆွေသည် စစ်ကောင်စီတပ်က ပစ်ခတ်သည့်ကျည်ဆံထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းစစ်ကိုင်း ခရိုင်အမှတ် (၂) ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းတာဝန်ခံ Riley က မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်သည် အောင်ဇေယျရွာမှအိမ်ရှစ်လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးသွားကြောင်း တပ်ရင်းတာဝန်ခံက ဆက်ပြောသည်။

အဆိုပါ စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ အမြောက်တပ်မှ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကားနှစ်
စီးဖြင့် စတင်ထွက်ခွာလာစဉ် လမ်းတလျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ထိခိုက်မှုကိုအတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးရဲဘော်များကပြောသည်။

စစ်ကောင်စီတပ်သည် ကျော်ဇေယျရွာမှ အောက်တိုဘာ၁၉ရက်ယမန်နေ့ နံနက်တွင် ပြန်လည်ထွက်ခွာသွားပြီးအောက်တိုဘာလ ၂၀ရက် ယနေ့နံနက် ၇နာရီခန့်တွင် ထီးဆောင်းနှင့် ညောင်ပင်ဝန်းရွာတဝိုက်၌ ကင်းပုန်းဝပ်နေကြောင်း ကာကွယ်ရေးရဲဘော်များကပြောသည်။

ကျော်ဇေယျရွာသည် အိမ်ခြေ၅၀၀ ဝန်းကျင်ခန့်ရှိပြီး အိမ်ကြီးအိမ်ကောင်းများရှိသော ရွာဖြစ်သည်။စစ်ကောင်စီစစ်ကြောင်း ထွက်ခွာသွားပြီးနောက် ဒေသခံများသည် ယနေ့နေ့လယ်တွင် ရွာအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်းသိရသည်။

စာတည်း - အေးချမ်း
#mizzima
#စစ်ကိုင်းမြို့
#ကျော်ဇေယျရွာ
#တိုက်ပွဲဖြစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required