အိန္ဒိယတွင် လွန်ခဲ့သည့် ၆ နှစ်အတွင်းက ကျဆင်းခဲ့သည့် အလုပ်လက်မဲ့နှုန်း ပြန်လည်မြင့်တက်လာ 

By Hindustan Times  
18 October 2023
အိန္ဒိယတွင် လွန်ခဲ့သည့် ၆ နှစ်အတွင်းက ကျဆင်းခဲ့သည့် အလုပ်လက်မဲ့နှုန်း ပြန်လည်မြင့်တက်လာ 

အိန္ဒိယနိုင်ငံတွင် စီးပွားရေး တိုးတက်လာသည်နှင့်အမျှ လူငယ်များအတွက် အလားအလာသစ်များ ဖန်တီး ပေးလာနိုင်ကြောင်းနှင့် အလုပ်လက်မဲ့နှုန်းသည် လွန်ခဲ့သည့် ၆ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး အလုပ်အကိုင်ဖန်တီးနိုင်မှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။ 

ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စွန့်ဦးတီထွင်ရေးဝန်ကြီးဌာနက ပြုလုပ်သည့် စာတွေ့၊ လက်တွေ့ ကျွမ်းကျင်မှု မြှင့်တင်ရေးအခမ်းအနား မိန့်ခွန်းတွင် ဝန်ကြီးချုပ်မိုဒီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။  

 “အိန္ဒိယမှာ အလုပ်အကိုင်ဖန်တီးနိုင်မှု မြင့်တက်လာပြီး အလုပ်လက်မဲ့နှုန်းဟာ ၆ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပါတယ်။ ကျေးလက်ဒေသကော မြို့ပြတွေမှာပါ အလုပ်လက်မဲ့နှုန်းက အလျင်အမြန် ကျဆင်း လာနေပါတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးကျေးဇူးတွေကို ကျေးရွာတွေကော၊ မြို့ကြီးတွေပါ ညီတူမျှတူ ခံစားခွင့်ရနေတယ်ဆိုတဲ့ သဘောပါ။ ရလဒ်ကတော့ တောရော၊ မြို့ပါ အခွင့်အလမ်းသစ်တွေ တပြေးညီ တိုးတက်လာနေခြင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။  

ယခင်အစိုးရများလက်ထက်တွင် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားခဲ့သော်လည်း မိမိတို့ အစိုးရလက်ထက်တွင် ကျွမ်းကျင်မှု၏ အရေးပါပုံကို နားလည်သဘောပေါက်သည့်အားလျော်စွာ သီးခြား ဝန်ကြီးဌာနတစ်ခုဖွဲ့စည်းကာ သီးခြားဘတ်ဂျက် ခွဲဝေချထားပေးလျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ 

ကျွမ်းကျင်မှု၊ ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့်မွမ်းမံရေးတို့၏ အရေးပါမှု၊ လျင်မြန်စွာပြောင်းလဲနေသော လိုအပ်ချက်များ၊ အလုပ်အကိုင်သဘောသဘာဝများနှင့် ကျွမ်းကျင်မှုအဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ ဝန်ကြီးချုပ်မိုဒီက အလေးပေးပြောကြားခဲ့သည်။ 

စက်မှုလုပ်ငန်း၊ သုတေသနနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများအနေဖြင့် မျက်မှောက်ခေတ်နှင့် လိုက်လျောညီထွေရှိရန် လွန်စွာအရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၉ နှစ်အတွင်း နိုင်ငံတွင်း၌ စက်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အသစ် ၅၀၀၀ ခန့် တည်ထောင်ခဲ့ပြီး စက်မှုသင်တန်းသား ဦးရေ ၄ သိန်းကျော်တိုးလာကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။ 

အဆိုပါ သင်တန်းကျောင်းများကို အလေ့အကျင့်ကောင်းများနှင့်အတူ ထိရောက်ပြီး အရည်အသွေးမြင့်မားသော သင်တန်းများ ဖွင့်လှစ်ရန်ရည်ရွယ်သည့် စံပြစက်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများအဖြစ် အဆင့်မြှင့်တင် လျက် ရှိကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံ၏ လုပ်သားအင်အားတွင် အမျိုးသမီးများပါဝင်မှု မကြုံစဖူး တိုးတက်လာကြောင်းနှင့် လွန်ခဲ့သည့် နှစ်များအတွင်းက အမျိုးသမီးများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များနှင့် လှုပ်ရှားမှုများ၏ အကျိုးရလဒ်များကို ချီးကျူးခဲ့သည်။  

အောက်ခြေအဆင့်မှ လူငယ်များကို မြေတောင်မြှောက်ပေးနိုင်ခဲ့သည့် စက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း အစီအစဉ်ကို ဥပမာပေးကာ အိန္ဒိယအနေဖြင့် လူငယ်များ၏ ကျွမ်းကျင်မှုများတွင် ယခင်ကထက် ပိုမိုရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့သည်။ အဆိုပါ အစီအစဉ်အရ လူငယ်ပေါင်း ၁ ဒသမ ၅ ကုဋေကို လေ့ကျင့်ပေးခဲ့ပြီး ဖြစ်သည်။  

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အချက်အလက်များကို ကိုးကား၍ အိန္ဒိယနိုင်ငံသည် လာမည့်နှစ်များအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံး ထိပ်သီးနိုင်ငံအဖြစ် ဆက်ရှိ နေဦးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အိန္ဒိယအား ကမ္ဘာ့ထိပ်တန်းစီးပွားရေးအင်အားကြီး ၃ နိုင်ငံတွင် ပါဝင်လာစေရန် ဆောင်ရွက်လိုသည့် ၎င်း၏ သန္နိဋ္ဌာန်ကို ထပ်မံထုတ်ဖော်ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံသည် လာမည့် ၃-၄ နှစ် အတွင်း ကမ္ဘာ့ တတိယစီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ယူဆထားကြောင်းလည်း ပြောကြားခဲ့သည်။  

အိန္ဒိယနိုင်ငံတွင် ဆယ်စုနှစ် ၄ ခုနီးပါးကြာမှ ချမှတ်ခဲ့သည့် အမျိုးသားပညာရေးမူဝါဒ (NEP) အသစ်ကို အလေးထားဖော်ပြခဲ့ကာ ကျွမ်းကျင်မှုနှင့် ပညာရေးမှတစ်ဆင့် အခွင့်အလမ်းသစ်များကို အရယူနိုင်ရန် လူငယ်များအား လေ့ကျင့်ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။  

ထို့ပြင် အိန္ဒိယ၏ ကမ္ဘာ့ကျွမ်းကျင်မှုလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ကို G20 ထိပ်သီးအစည်းအဝေးက မကြာသေးမီက လက်ခံခဲ့ပြီး လာမည့်ကာလများတွင် လူငယ်များအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ပြောကြားခဲ့သည်။  

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required