ဂါဇာဆေးရုံ ပေါက်ကွဲမှုကြောင့် လူရာချီ သေဆုံး

ဂါဇာဆေးရုံ ပေါက်ကွဲမှုကြောင့် လူရာချီ သေဆုံး
ဂါဇာအလယ်ပိုင်းရှိ Ahli Arab ဆေးရုံကို လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ပါလက်စတိုင်းတို့၏ ရုပ်အလောင်းများကိုတွေ့ရစဉ် - ဓာတ်ပုံ AFP

ပါလက်စတိုင်း၊ ဂါဇာမြို့ရှိ ဆေးရုံတရုံ၌ အောက်တိုဘာ ၁၇ ရက် ညနေစောင်းက ပေါက်ကွဲမှုတခု ဖြစ်၍ လူ ၂၀၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ ထိုဖြစ်စဉ်အပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်သလို မွတ်စလင် နိုင်ငံတချို့တွင်လည်း ပြင်းထန်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့က အပြန်အလှန် အပြစ်ဖို့ခဲ့ကြသလို အရှေ့အလယ်ပိုင်းကို ခရီးစဉ်ထွက်ခွာလာသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ယင်းဖြစ်စဉ်မှာ “အလွန်တရာ နာကြည်းထိတ်လန့်စရာ ကောင်းပြီး ဝမ်းနည်းဖွယ်ရာ” ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချသည်။

Ahli Arab ဆေးရုံ၌ ပေါက်ကွဲမှုက အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုတခုကြောင့် ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဂါဇာရှိ ဟားမတ်စ် အာဏာပိုင်တို့က ပြောသည်။

တဖက်တွင်လည်း အစ္စရေးစစ်တပ်က ပါလက်စတိုင်း အစ္စလမ္မစ် ဂျီဟတ်အဖွဲ့ကို ပြစ်တင်ပြောဆိုပြီး အစ္စလမ္မစ် ဂျီဟတ်အဖွဲ့ ပစ်လိုက်သည့် ဒုံးကျည်က လမ်းကြောင်းလွဲပြီး ဆေးရုံကို ထိမှန်ခြင်း ဖြစ်သည်ဟု ပြောသည်။

နှစ်ဖက်စလုံး၏ ပြောဆိုချက်များကို သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပေ။

မြေပြင်တွင် ဖရိုဖရဲ မြင်ကွင်းများနှင့်အတူ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို အနီးအနားရှိ ဆေးကုသရေး စင်တာများသို့ ပို့ဆောင်ခဲ့ကြသည်။

သွေးစွန်းနေသည့် အခင်းစများနှင့် ပလတ်စတစ်အဖြူရောင် အစများနှင့် လွှမ်းခြုံထားသည့် ရုပ်အလောင်းများကို တန်းစီချထားသည်ကိုလည်း တွေ့ရသည်။ စိတ်ထိခိုက်ကြေကွဲနေကြသည့် ဆွေမျိုးများက ၎င်းတို့၏ ချစ်ခင်ရသူများကို ခွဲခြားရှာဖွေရန် ကြိုးပမ်းနေခဲ့ကြသည်။

“ကျွန်တော်တို့ ဆေးရုံမှ အလုပ်လုပ်နေခဲ့ကြတာပါ။ အဲဒီအချိန်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတခု ကြားလိုက်ရပြီး ခွဲစိတ်ခန်းရဲ့ မျက်နှာကြက် ပြိုကျလာခဲ့တယ်” ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ဆရာဝန်တဦးဖြစ်သည့် ဂါဆန် အဘူ ဆစ်တာဟ်က ပြောသည်။

“ဆေးရုံတွေဆိုတာ ပစ်မှတ်မဟုတ်ပါဘူး။ ဒီလိုမျိုး သွေးထွက်သံယိုဖြစ်စေမှုတွေကို တားဆီးရပါလိမ့်မယ်။ ရပ်တန်းက ရပ်ပါ။” ဟု သူက ပြောသည်။

အောက်တိုဘာ ၇ ရက်က နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်ခံရမှုကြောင့် အစ္စရေးနိုင်ငံသား ၁,၄၀၀ ခန့် သေဆုံးရပြီးနောက် ၁၁ ရက်တာအတွင်း အစ္စရေးသည် ဟားမတ်စ် ထိန်းချုပ်သည့် ဂါဇာကို လက်တုံ့ပြန်ပြီး တိုက်ခိုက်မှုများကို လုပ်ဆောင်ထားခဲ့သည်။

“ဒီ ပြစ်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြီး ကျူးလွန်သူတွေကို တာဝန်ခံခိုင်းရပါလိမ့်မယ်” ဟု အီးယူ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဆက် ဘောရဲလ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly