နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ စစ်ကောင်စီပါဝင်ပတ်သက်မှု NUG ရှုတ်ချ

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ စစ်ကောင်စီပါဝင်ပတ်သက်မှု NUG ရှုတ်ချ

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် အာဏာသိမ်းစစ်တပ်ကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ကရရှိထားတဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို ဖော်ထုတ်ရေးနဲ့ ဖြတ်တောက်ရေးတွေ ဆောင်ရွက်ရာမှာ NUG အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် စနစ်တကျဖျက်ဆီးမနဲ့ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်ရာမှာ ရဲတပ်ဖွဲ့ရဲ့ ပါဝင်ပတ်သက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ ရာဇဝတ် အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း သိသိသာသာပင် လျော့နည်းလာနေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အွန်လိုင်းငွေလိမ် ရာဇဝတ်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီး အဲဒီကလုပ်ငန်းဟာ အကြီးဆုံး ငွေဝင်လမ်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် စစ်ကောင်စီက ဒီလုပ်ငန်းတွေကိုမဖြိုခွဲတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေက ရာဇဝတ်မှုလုပ်ငန်းတွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့၊ အထူးသဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်များ ထိန်းချုပ်ထာတဲ့  နယ်စပ်ဒေသတွေမှာ အများဆုံးဖြစ်ပွားကျူးလွန်နေကြတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများအား နိုင်ငံတကာအသိုင်းအဝိုင်းကဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အသိအမှတ်ပြုချီးကျူးဂုဏ်ပြုတယ်လို့လည်းဆိုထားပါတယ်။

မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အနည်းဆုံး လူပေါင်း (၁၂၀,၀၀၀) ခန့်ဟာ  အွန်လိုင်းမှတဆင့်လိမ်လည်မှုတွေကို လုပ်ဆောင်ဖို့ အတင်းအကြပ် ဖိအားပေးစေခိုင်းခံနေကြရတယ်လို့လည်းဆိုပါတယ်။

ကမ္ဘာအနှံ့ရှိ လှည့်ဖျားရလွယ်ကူနိုင်တဲ့ သူများအား ပစ်မှတ်ထားကာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားတဲ့ ဆန်းပြားရှုတ်ထွေးတဲ့ အဆိုပါလိမ်လည်မှုတွေကြောင့် ဒေါ်လာငွေ ဘီလျံ ပေါင်းများစွာ ဆုံးရှုံးရပြီး စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ရေးရာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရသူများလည်း ရှိကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ် ထိုင်းနယ်စပ်နားက ရွှေကုက္ကို အခြေစိုက် တရုတ်ကာစီနိုလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမှု ပြဿနာက ဒေသတွင်းနိုင်ငံတွေအထိ စိုးရိမ်စရာဖြစ်လာနေပါတယ်။

ယင်းလုပ်ငန်းတွေမှာ တရားမဝင် လူမှောင်ခိုကူးခြင်း၊ အတင်းအဓမ္မ လုပ်အားစေခိုင်းခြင်းများ ရှိနေပြီး ဒေသတွင်း အိမ်နီးချင်းနိုင်ငံသားများပါ လူကုန်ကူးခံရပြီး အလုပ်စေခိုင်းခံနေရခြင်း ရှိနေတယ်လို့ USIP ခေါ် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောဆိုထားပါတယ်။

ဘီဂျီအက်ဖ်ဟာ စစ်တပ်နဲ့ပတ်သက်နေတာကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အာဏာသိမ်းစစ်ကောင်စရဲ့ မနှိမ်နှင်းလိုမှု သို့မဟုတ် မနှိမ်နှင်းနိုင်မှုမှာ စိတ်အနှောင့်အယှက် ဖြစ်စရာအချက် ဖြစ်တယ်လို့ အစီရင်ခံစာတစ်စောင်မှာဖော်ပြထားပါတယ်။

ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် NUG က ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေက ကြားကာလကော်မတီတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလက်အောက်ရှိ ရဲတပ်ဖွဲ့တွေကိုလည်း စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးအတွက် နိုင်ငံတကာအနေနဲ့ ပူပေါင်းဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required