စစ်တပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆန့်ကျင်ရေး တိုက်တွန်းသည့်  လောင်းလုံးမြို့လူထုသပိတ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
17 October 2023
စစ်တပ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆန့်ကျင်ရေး တိုက်တွန်းသည့်  လောင်းလုံးမြို့လူထုသပိတ်
ယနေ့ (အောက်တိုဘာလ ၁၇ရက်) တွေ့ရသည့် လောင်းလုံးမြို့လူထုသပိတ်  Photo/DDMSC

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထု တရပ်လုံး ဆန့်ကျင်သပိတ်မှောက်ကြရန်တိုက်တွန်းသည့်လူထုသပိတ်နှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးသပိတ်ကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြုလုပ်ခဲ့သည်။

အဆိုပါ လူထုသပိတ်ကို ယနေ့ အောက်တိုဘာလ ၁၇ ရက် နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့ပေါ် နေရာအချို့၌  ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သပိတ်ကော်မတီဝင်များနှင့် ဒေသခံများက “‌‌ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်”စာသားပါ ဘန်နာကိုင်ဆွဲပြီးချီတက်ခဲ့ကြသည်။

ဒေသခံပြည်သူများအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကိုရောင်းချခြင်း၊ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ကြဘဲ သပိတ်မှောက်သွားကြရန် အလေးအနက်တိုက်တွန်းလိုကြောင်း သပိတ်ဦးဆောင်သူများက တိုက်တွန်းခဲ့ကြသည်။

တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းတွင် တနင်္သာရီ၊ ထားဝယ်နှင့် မြိတ်မြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

စာတည်း - အေးချမ်း
#mizzima
#လောင်းလုံးမြို့နယ်
#စစ်တပ်ထုတ်ကုန်များ
#လူထုသပိတ်
#DDMSC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required