အစ္စရေး-ဟားမတ်စ် စစ်ပွဲကို ထိန်းချုပ်ဟန့်တားရန်နှင့် အရပ်သားများကို ကာကွယ်ရန် ကမ္ဘာ့ခေါင်းဆောင်များ ကြိုးပမ်း

အစ္စရေး-ဟားမတ်စ် စစ်ပွဲကို ထိန်းချုပ်ဟန့်တားရန်နှင့် အရပ်သားများကို ကာကွယ်ရန် ကမ္ဘာ့ခေါင်းဆောင်များ ကြိုးပမ်း
Photo - AFP

 

အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသကို မြေပြင်ထိုးစစ်တရပ် ပြုလုပ်ရန် အသင့်ပြင်လျက် ရှိစဉ် အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် ပဋိပက္ခကို ဒေသအနှံ့ ကူးစက်ပျံ့နှံ့ခြင်း မရှိစေအောင် တားဆီးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးပမ်း‌ ဆော်ဩစည်းရုံးလျက်ရှိသည်။

သို့သော် ဟားမတ်စ်တို့ကို ချေမှုန်းမည် ဆိုပြီး အစ္စရေးက အတိအလင်း စိတ်ပိုင်းဖြတ်ထားခြင်းက ကြားဝင်ဖျန်ဖြေရေး ကြိုးပမ်းမှုများအပေါ် အဟန့်အတားဖြစ်စေလျက် ရှိသည်။ ထို့ပြင် အစ္စရေး၏ လက်ဘနွန်နှင့်အကြား မြောက်ဘက် နယ်စပ်တလျောက် တိုက်ခိုက်မှုများလည်း ရှိနေသည်။

အတက်ကြွဆုံး လုပ်ဆောင်နေသည့် နိုင်ငံများထဲတွင် အမေရိကန်လည်း ပါဝင်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် အောက်တိုဘာ ၁၃ ရက်က အာရပ်နိုင်ငံ ခြောက်နိုင်ငံသို့ ခရီးစဉ် စတင်ခဲ့ပြီး ဂျော်ဒန်၊ ကာတာ၊ ဘာရိန်း၊ ယူအေအီး၊ ဆော်ဒီ အာရေးဗျနှင့် အီဂျစ်တို့ကို သွားရောက်မည် ဖြစ်သည်။

လက်ဘနွန်ရှိ အီရန် ကျောထောက်နောက်ခံ ဟစ်ဇ်ဘိုလာ အဖွဲ့နှင့် ဒုတိယမြောက် စစ်မျက်နှာတခု ဖွင့်ခြင်းမှ တားဆီးရှောင်လွဲရန်က အရေးတကြီး ဆောင်ရွက်စရာအဖြစ် ဥရောပ မဟာမိတ်များနည်းတူ ဝါရှင်တန်ဘက်က သဘောထားသည်။ သို့သော် အစ္စရေး၏ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အတွက် ထောက်ခံကြောင်း ၎င်းတို့က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။

အကျပ်အတည်းကို ဟန့်တားထိန်းချုပ်ရန် အီဂျစ်၊ ကာတာနှင့် တူရကီတို့ကလည်း ကြိုးပမ်းလျက် ရှိသည်။ အားလုံးသည် အစ္စရေးနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိသလို ၎င်းတို့သည် ဟားမတ်စ်အပေါ်တွင်လည်း တစုံတရာ ဩဇာလွှမ်းမိုးမှု ရှိလိမ့်မည်ဟု ကျွမ်းကျင်သူများက ထင်မြင်ယူဆသည်။

တိုက်ခိုက်မှုအပေါ် အစ္စရေး၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး တရုတ်နှင့် ရုရှားတို့က ဝေဖန်ထားကြသည်။ သို့သော် ၎င်းတို့သည် ပဋိပက္ခ ကူးစက်ပျံ့နှံ့ခြင်းမှ တားဆီးရန် အစ္စရေး၏ ရန်သူတော်ဖြစ်သည့် အီရန်အပေါ် တစုံတရာ ဩဇာလွှမ်းမိုးမှု ရှိကောင်း ရှိနိုင်သည်။

တီဟီရန်သည် ဟစ်ဇ်ဘိုလာနှင့် ဟားမတ်စ်ကို ကာလကြာ ထောက်ခံထားခဲ့သူဖြစ်သည်။

သို့သော် သံတမန်ရေးဆိုင်ရာ အက်ကွဲမှုပြဿနာများ ရှိနေပြီး ယင်းက အောက်တိုဘာ ၁၃ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပိုမို ပေါ်လွင်လာခဲ့ပြီး ယင်းတွင် ဂါဇာရှိ အခြေအနေနှင့်ပတ်သက်ပြီး ရုရှားက အမေရိကန်အပေါ် ပြစ်တင်ခဲ့သည်။

စစ်ပွဲအပေါ် ပူးတွဲ ရပ်တည်ချက်သဘောထားခု ရရှိစေရေး ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ် မစ်ချယ်လ်က အောက်တိုဘာ ၁၇ ရက်တွင် ဥရောပသမဂ္ဂခေါင်းဆောင်များ၏ ဗီဒီယို အစည်းအဝေးတရပ်ကို ခေါ်ယူထားသည်။

မိမိတို့ များစွာ မျှော်လင့်မထားသင့်ကြောင်း မဟာဗျူဟာ လေ့လာမှုဆိုင်ရာ နိုင်ငံတကာ အင်စတီကျုမှ ရင်းမ် မွမ်တက်ဇ်က ပြောသည်။

“သူတို့ အခိုင်အမာ အောင်မြင်ရရှိနိုင်မယ့် အရာအတွက် မျှော်မှန်းချက်တွေက အင်မတန် နည်းပါးနေပါတယ်” ဟု သူမက အွန်လိုင်း အကဲဖြတ်သုံးသပ်ချက်တခုတွင် ရေးသည်။

ဟားမတ်စ်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်အတွေ့တွင် အစ္စရေး၏ မိမိကိုယ်ကိုယ် ကာကွယ်ခွင့်ကို အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံ၏ ခေါင်းဆောင်များက အောက်တိုဘာ ၁၅ ရက်တွင် အသိအမှတ်ပြုလက်ခံခဲ့သော်လည်း နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာလျက်ဖြင့် အချိန်တိုင်းအခါတိုင်းတွင် အရပ်သားများအားလုံးကို အကာအကွယ်ပေးရေး အရေးကြီးကြောင်း ၎င်းတို့က အလေးပေး ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required