ငါန်းဇွန်တွင် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်

By ဓါတု (မဇ္ဈိမ)
16 October 2023
ငါန်းဇွန်တွင် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးနှိပ်စက်

ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာ ဒေသခံ  အမျိုးသမီး တဦးအပါအဝင်  ရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်နေကြောင်း ဒေသခံများက ပြောသည်။

နဘဲပင်ရွာ ဒေသခံ ၅၀ ကျော်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အချိတ်အဆက်ရှိသည်ဆိုကာ ရွာဦးဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားပြီးနောက်  အမျိုးသား ခုနစ်ဦးမှ လွဲ၍ ကျန်သူများကို ထိုနေ့ညနေတွင် ပြန်လွှတ်ပေးခဲံသည်။  ၎င်း ခုနစ်ဦးကို  ငါန်းဇွန်မြို့အထွေထွေရုံးပေါင်းစုံ သို့ခေါ်ဆောင်နှိပ်စက်နေကြောင်း ဒေသခံများက ဆိုသည်။ 

 ထို့နောက် အောက်တိုဘာလ ၁၅ ရက်တွင်  ဒေသခံအမျိုးသမီးတဦးကို ဖမ်းဆီးပြီး ရွာဦးဘုန်းကြီးကျောင်းတွင်း ဖမ်းဆီးနှိပ်စက်နေကြောင်း ဒေသခံများက ပြောသည်။ 

"  အပြင်မှာတွေ့တာနဲ့ဖမ်းနေတာ PDF တွေနဲ့အဆက်သွယ်ရှိတယ်ပေါ့ ။ PDF လို့ ထင်ကြေးပေးပြီးသိမ်းကျူံးဖမ်းတာတွေလည်း ရှိတယ်။အဲ့ဒါကြောင့် ရွာထဲက စျေးတောင်ထွက်မဝယ်ရဲကြဘူး။၁၂ ရက်နေ့က ဖမ်းထားတာတွေတချို့ပြန်လွှတ်ပေမယ့် ၈ ဦးကိုဖမ်းပြီး နှိပ်စက်နေတုန်းပဲ ။ ညမအိပ်နိုင်တဲ့အထိကို ရိုက်နှက် နှိပ်စက်နေတာ အော်သံပါကြားရတာ။ မိန်းကလေး တယောက်ကိုဆိုတော်တော်လေးနှိပ်စက်တာ " ဟုနဘဲပင်ရွာခံတစ်ဦးက မဇ္စျိမကိုပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ငါန်းဇွန်နှင့်တံတားဦးမြို့နယ်မှ  နဘဲပင်ရွာ  ရွာဦးဘုန်းကြီးကျောင်းသို့  အင်အား ၁၂၀ ခန့်ဖြင့်တွင် အထိုင်ချ တပ်စွဲထားနေသည့် စစ်ကောင်စီတပ်က ဒလန်သတင်းပေးမှုကြောင့် ထိုသို့ ဖမ်းဆီးနှိပ်စက်နေခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်က  နဘဲပင်ရွာ ဒေသခံများကို သွားလာခြင်း ပိတ်ပင်ကန့်သတ်ထားပြီး ရွာပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းမှုများ လုပ်နေကြောင်း ဒေသခံများက ပြေြာသည်။ 

နွားကျောင်းခြင်း၊ဆိတ်ကျောင်းခြင်း၊တောင်ယာလုပ်ကိုင်ခြင်း၊နွားစာရိတ်ခြင်းများကို အောက်တိုဘာလ ၁၂ ရက် နေ့မှစ၍မပြုလုပ်ရန် ပိတ်ပင်ကန့်သတ်ထားကြောင်းဒေသခံများကဆိုသည်။

"ရွာထဲနွားစာရိတ်တာတွေလည်း နှစ်ယောက်သွားမှရတာကိုတယောက်ပဲထွက်ခိုင်းတယ်။ သိုးကျောင်း၊ နွားကျောင်းတွေဆိုလုံးဝမထွက်ခိုင်းလို့ တိရစ္ဆာန်တွေငတ်တဲ့အနေအထားဖြစ်နေတယ် ။ ပြီးရင်မြင်တာနဲ့အကုန်ဖမ်းနေတော့ရွာထဲကသူတွေက အိမ်ထဲကအိမ်ပြင်မထွက်ရဲကြဘူး " ဟုငါန်းဇွန်မြို့နယ်ပကဖတာဝန်ခံတစ်ဦးကမဇ္စျိမကိုပြောသည်။

 ထို့အပြင် တောင်ယာလုပ်ကိုင်သူများ၊  တိရစ္ဆာန်ထိန်းကျောင်းသည့်ရွာခံများအား လမ်းပေါ်မြင်လျှင်လိုက်လံဖမ်းဆီးနှိပ်စက်နေသဖြင့် ရွာအတွင်းရှိဒေသခံပြည်သူများမှာအိမ်ပြင်သို့မထွက်ရဲဖြစ်နေကြောင်းနဘဲပင်ရွာခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသည့်အပြင် နေအိမ်အချို့ရှိ နွားများ၊လယ်ထွန်စက်များနှင့်အိမ်တွင်းပစ္စည်းများကိုဖောက်ထွင်းယူဆောင်ခြင်းများပြုလုပ်နေကြောင်းဒေသခံများကဆိုသည်။

 နဘဲပင်ကျေးရွာတွင် အိမ်ခြေ ၄၅၀ ရှိပြီး  ရွာခံဦးရေ ၁,၀၀၀ ကျော်နေထိုင်ကြသည်။

ယခင် စက်တင်ဘာလတွင်လည်း နဘဲပင်ရွာနှင့်နီးစပ်သည့် သားကျင်ရွာမှ ရွာခံ ဦးရေ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် နန်းတွင်းဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်ကဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်ခဲ့သေးသည်။

ငါန်းဇွန်မြို့နယ်ရှိ ရွာအများစုတွင် ဩဂုတ်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က ခပ်စိပ်စိပ် နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်နေ့က စစ်ဘေးတိမ်းရှောင်လာသော ဒေသခံလေးဦးသည် စစ်ကောင်စီစစ်ကြောင်းနှင့် တည့်တည့်တိုးရာမှ ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#နဘဲရွာ
#ငါန်းဇွန်မြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required