၂၀၃၆ အိုလံပစ်ပြိုင်ပွဲအတွက် အိန္ဒိယ ကမ်းလှမ်းမယ်လို့ ဝန်ကြီးချုပ် မိုဒီ ပြော

By AFP
16 October 2023
၂၀၃၆ အိုလံပစ်ပြိုင်ပွဲအတွက် အိန္ဒိယ ကမ်းလှမ်းမယ်လို့ ဝန်ကြီးချုပ် မိုဒီ ပြော

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဟာ ၂၀၃၆ အိုလံပစ်နဲ့ မသန်စွမ်းအားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အတည်ပြုပြောကြားလိုက်ပါတယ်။

မိုဒီက အဆိုပါပွဲကို လက်ခံကျင်းပရခြင်းဟာ အိန္ဒိယနိုင်ငံအတွက် “လူမျိုးရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုမှာ နက်နက်ရှိုင်းရှိုင်းတဲ့ဆန္ဒ” ဖြစ်တယ်လို့ စနေနေ့က မွမ်ဘိုင်းမှာ ကျင်းပတဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) အစည်းအဝေးဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။

“အိန္ဒိယလူမျိုးတွေဟာ အားကစားကို နှစ်သက်ရုံသာမကဘဲ ကျနော်တို့တွေလည်း ဒါကို ရှင်သန်နေကြပါတယ်”လို့ မိုဒီက ပြောပါတယ်။ "၂၀၃၆ မှာ အောင်မြင်တဲ့ အိုလံပစ်ပွဲတော် ကျင်းပဖို့အတွက် ပြင်ဆင်ရာမှာ အိန္ဒိယက အစွမ်းကုန်ကြိုးစားအားထုတ်သွားမှာပါ၊ ဒါက ကုဋေ ၁၄၀ (၁.၄ ဘီလီယံ) အိန္ဒိယသားတွေရဲ့ အိပ်မက်ပါပဲ။"

“ခင်ဗျားတို့ရဲ့ ပံ့ပိုးမှုနဲ့ ဒီအိပ်မက်ကို ကျနော်တို့ အကောင်အထည် ဖော်ချင်တယ်။ အိန္ဒိယဟာ IOC ရဲ့ အဆက်မပြတ် ပံ့ပိုးကူညီမှုတွေ ရလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

မြို့ သို့မဟုတ် ဒေသကို မိုဒီက မသတ်မှတ်ထားပေမယ့် အိန္ဒိယဝန်ကြီးချုပ်ရဲ့ နာမည်ပေးထားတဲ့ ပရိသတ် ၁၃၂,၀၀၀ ဆံ့ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးရှိရာ အဟ်မဒါဘတ်ဟာ နိုင်ငံရဲ့ ကမ်းလှမ်းမှုအတွက် အဓိကအိမ်ရှင်မြို့အဖြစ် ပြိုင်ဆိုင်နိုင်ဖွယ်ရှိပါတယ်။

အင်ဒိုနီးရှားနဲ့ မက္ကဆီကိုတို့ဟာ ၂၀၃၆ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားတယ်လို့ ယခင်က ထုတ်ဖော်ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့လက ပိုလန်သမ္မတ အန်ဇေ ဒူဒါ (Andrzej Duda)က အဆိုပါအားကစားပြိုင်ပွဲကို ကျင်းပလိုတယ်လို့လည်း IOC ကို ပြောကြားခဲ့ပါတယ်။

၂၀၃၆ ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ပေးအပ်မယ့် အချိန်အတွက် IOC မှ ခိုင်မာတဲ့ အချိန်ကာလကို သတ်မှတ်ခြင်း မရှိပါဘူး။

၂၀၃၆ နွေရာသီပြိုင်ပွဲဟာ နောက်လာမယ့် ပြိုင်ပွဲဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကို ပါရီဟာ ၂၀၂၄ မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ၂၀၂၈ မှာ လော့စ်အိန်ဂျလိစ်နဲ့ ၂၀၃၂ မှာ ဘရစ္စဘိန်းတို့မှာ ကျင်းပမှာဖြစ်ပါတယ်။

အိန္ဒိယဟာ ၂၀၂၉ မှာ လူငယ်အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ်းလှမ်းမှုကို ထည့်သွင်းစဉ်းစားမယ်လို့ မိုဒီက IOC ကို ပြောကြားခဲ့ပါတယ်။

“အားကစားဆိုတာ ဆုတံဆိပ်တွေရရုံတင်မကဘဲ နှလုံးသားတွေကိုပါ အောင်နိုင်နေဖို့ပါ”လို့ သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required