အရာတော်တွင် နာရေးပြုလုပ်နေသည့် ပျူအုပ်စုကို ဒရုန်းဖြင့်တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်

By ရောင်နီ(မဇ္စျိမ)
04 October 2023
အရာတော်တွင် နာရေးပြုလုပ်နေသည့် ပျူအုပ်စုကို ဒရုန်းဖြင့်တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်

 စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပျူအချင်းချင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူ၏နာရေးကို ပျူစောထီးအုပ်စုက ဦးဆောင် ပြုလုပ်နေစဉ်  ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ -  NDRF  တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာတွင် ပျူစောထီးအချင်းချင်း အရက်မူးပြီး စကားများရန်ဖြစ်ရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံးမှုသည် အောက်တိုဘာလ ၃ ရက်နေ့၊ နံနက် ၄ နာရီခန့်က ဖြစ်ခဲ့သည်ဟု သိရသည်။ငွေတွင်းကျေးရွာသည် ပျူစောထီးရွာဟု နာမည်ကြီးသည်။

“ ပျူစောထီးတွေ အတူသောက်စားနေရင်း တယောက်က မိန်းမနဲ့ အဆင်မပြေတာကို လက်ပစ်မိုင်းနဲ့ ပစ်မယ်ဆိုပြီး မိုင်းယူပြီး ထွက်သွားတာ။ အဲ့လိုသွားတာကို နောက်က ပျူစောထီးနှစ်‌ယောက်က ပြန်လိုက် ထိန်းပေးကြတယ်။ အဲ့မှာလိုက်ထိန်းတဲ့သူတွေကိုပါ ပြန်ပစ်မယ်ဆိုပြီးပြောလို့ လိုက်ထိန်းတဲ့  ပျူနှစ်ဦးထဲက တဦးက သေနတ်နဲ့ ပစ်လိုက်တာပါ” ဟု  Ngwe Dwin Revoulution Force - NRDF တာ၀န်ရှိသူက မဇ္ဈိမကို ပြောသည်။

ထိုပစ်ခတ်မှုကြောင့် က်ိုတင်ရှုဟုဆိုသူ ပျူစောထီးတဦး သေဆုံးသွားပြီး နာရေးကို  ယင်းနေ့‌ နေ့လယ်တွင် ပြုလုပ်စဥ် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး၁၅လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု NRDFကဆိုသည်။

တိုက်ခိုက်စဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ငွေတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကလည်း  ၄၀ မမ၊ ၆၀မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ကာကွယ်ရေးရဲဘော်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။စစ်ကောင်စီတပ်နှင့်ပျူစောထီးများဘက်၌  ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း NRDF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Ngwe Dwin Revoulution Force - NRDF၊ MIDDLE REVOLUTION TEVHNICAL FRONT- MRTF၊ GZP တပ်ဖွဲ့၊ ကျောက်ဆည်နဂါးနီတပ်ရင်း(၁)နှင့် Lighting Drone Force  တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

ငွေတွင်းကျေးရွာတွင်  စစ်ကောင်စီတပ်နှင့် ပျုစောထီးများ အခိုင်အမာတပ်စွဲထားပြီး ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိကြောင်း အရာတော်မြို့ခံများက ပြောသည်။
ထို့ကြောင့် ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များကလည်း  ငွေတွင်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို မကြာခဏတိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။  

စာတည်း -အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly