စစ်ကောင်စီတပ်အတွက် လက်နက်ပွဲစား ရန်ကုန်မြို့လယ်တွင် အသတ်ခံရ 

03 October 2023
စစ်ကောင်စီတပ်အတွက် လက်နက်ပွဲစား ရန်ကုန်မြို့လယ်တွင် အသတ်ခံရ 

 

 

စစ်ကောင်စီတပ်အတွက် လက်နက်တင်သွင်းနေသူတဦးကို ရန်ကုန်မြို့လယ်တွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြို့ပြပြောက်ကျားတအဖွဲ့တခု၏ထုတ်ပြန်ချက်အရသိရသည်။

ဦးဉာဏ်လွင်အောင်ကို လမ်းမတော်မြို့နယ်တွင် ယနေ့ည (အောက်တိုဘာ ၂ ရက်နေ့) ည ၁၀ နာရီဝန်းကျင်တွင်အနီးကပ်ပစ်ခတ်ခဲ့သည်ဟု Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့ကပြောသည်။

ဦးဉာဏ်လွင်အောင် (ခ) ကိုဉာဏ်သည် စစ်ကောင်စီတပ်အတွက် လက်နက်ဝယ်ယူခြင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအတွက် မျက်နှာဖတ်စနစ် (Facial recognition) ပါ CCTV များကို တင်သွင်းတပ်ဆင်ပေးနေသူဖြစ်ကာ ၎င်းကိုယ်တိုင် "တပ်မတော်မိသားစုလုပ်ငန်းရှင်"ဟု ခံယူထားသူဖြစ်သည်ဟု ပြောက်ကျားအဖွဲ့ထုတ်ပြန်ချက်တွင်ပါရှိသည်။

" လူမှုကွန်ရက်တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုလေ့ရှိပြီး ၎င်း၏ ဝန်ထမ်းများကိုလည်း နံနက်ခင်းတိုင်း စစ်ကောင်စီ၏ သစ္စာအဓိဋ္ဌာန် လေး ချက်ကို ရွတ်ဆိုခိုင်းသူဖြစ်သည်။" ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

 ထို့အပြင် သူသည် ရုရှားစစ်တပ်ကိုယ်စားလှယ်များနှင့်အတူ ခရီးသွားလေ့ရှိပြီး ထိုင်း ၊ တရုတ် ၊ ရုရှား နှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့်လုပ်ငန်းခွဲများဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှုလုပ်ငန်းစဥ်များချောမွေ့စေရန် Well and Fair ပြည်ပခရီးသွားကုမ္ပဏီ တစ်ခုကိုလည်း ထူထောင်ထားသည်ဟုလည်း ပါရှိသည်။  

လုပ်ကြံမှုအပြီး စစ်ကောင်စီတပ်များက အခင်းဖြစ်ပွားရာအနီးတဝိုက် ပိတ်ဆို့စစ်ဆေးသော်လည်း ပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းရာရှိသွားသည်ဟုလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly